တောင်သာမြို့နယ် ရွှေပြည်တော် ကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ရာနူန်းပြည့်ပြီးစီး

တောင်သာ အောက်တိုဘာ ၁၆

မန္ဆလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် ရွှေပြည်တော်ကျေးရွာတွင် ရွာတွင်းလမ်းများ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများအားလုံး ရာနူန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်းသိရသည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းနှင့် အင်ဂျင်နီယာဝန်ထမ်းအဖွဲ့က ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြရာ အရှည်ပေ ၆၂၅၊ အကျယ် ၁၂ ပေ၊ထု ၆ လက်မ ခင်းထားမှု၊ လမ်းဘေးဝဲယာ လမ်းပခုံးများမြေဖို့ထားမှု၊ လုပ်ငန်းဆိုင်းဘုတ်များ စိုက်ထူ ထားရှိမှုတို့အား စစ်ဆေးခဲ့ပြီး ကော်မတီဝင်များအား ဆောင်ရွက်ပြီးလုပ်ငန်းများ ရေရှည် တည်တံ့ စေရန်ထိန်းသိမ်းပေးကြရန် မှာကြားခဲ့သည်။ ရွှေပြည်တော်ကျေးရွာ ရွာတွင်းလမ်းများ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများကို ကျေးလက်ဦးစီးဌာန၏ စီမံကိန်းရန်ပုံငွေ ၁၅ သန်း၊ ပြည်သူ ထည့်ဝင်ငွေ ၅.၇ သန်းဖြင့် ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းအားလုံး ရာနူန်းပြည့်ပြီးစီးခဲ့သဖြင့် အိမ်ခြေ ၉၇ အိမ်၊ လူဦးရေ ၅၄၉ ဦးအတွက် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူ ပြုနိုင်ပြီဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှသိရသည်။

ကျော်မျိုးနိုင်(တောင်သာ)