ကျောက်ဖြူ အောက်တိုဘာ ၁၆
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မီးဘေးအန္တရာယ်မကျရောက်စေရန်နှင့် ကြိုတင်ကာကွယ်မှုများပြုလုပ်နိုင်ရန်အတွက် ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် ကျောက်ဖြူမြို့ပေါ်ရပ်ကွက်များရှိ ဈေးများသို့သွားရောက်ကာ မီးဘေးလုံခြုံရေးကွင်းဆင်း စစ်ဆေးသည်။
ထိုသို့ မြို့ပေါ်ရပ်ကွက်များသို့ မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေးရာတွင် မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းသူ ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့မှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက ကျောက်ဖြူမြို့ပေါ်ရပ်ကွက်များရှိ ဈေးများဖြစ်သည့် မြို့မဈေး၊ ပြည်သာယာဈေးနှင့် ဇေယျာဦးဈေးများသို့ သွားရောက်ကာ ၎င်းဈေးများအတွင်း ရောင်းချနေသည့် ကုန်စုံဆိုင်ခန်းများ၊ အလှကုန်ဆိုင်ခန်းများ၊ ဆေးဆိုင်ခန်းများနှင့် အဝတ်အထည်ဆိုင်များစသော ဆိုင်ခန်းများ၌ မီးသုံးစွဲမှုစနစ်တကျရှိ/မရှိ၊ အရေးပေါ်မီးသတ်ဆေးဗူးများထားရှိမှု ရှိ/မရှိ၊ မီးချိတ်မီးကတ်များနှင့် အရေးပေါ်မီးငြှိမ်းသတ်နိုင်ရန် ရေလှောင်ကန်များတွင် ရေသိုလှောင်ထားရှိမှု ရှိ/မရှိတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
အလားတူ စက်တင်ဘာ(၁၆)ရက်၊ ယနေ့မွန်းလွဲပိုင်းကလည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များသည် ဂုံးချွိန်ကျေးရွာအုပ်စုရှိ အေးမြသာယာကျေးရွာသို့ သွားရောက်ပြီး ၎င်းကျေးရွာရှိ လူနေအိမ်များနှင့် ဈေးဆိုင်ခန်းများ၌ မီးဘေးလုံခြုံရေးစစ်ဆေးပြီး လျှပ်စစ်မီးသုံးစွဲရာတွင် ဆွေးမြစ်နေသောမီးကြိုးများကို အသုံးမပြုဘဲ အရည်အသွေးကောင်းသော မီးကြိုးများကိုသာ သုံးစွဲရေး၊ ထင်းမီးဖို၊ မီးသွေးမီးဖိုများဖြင့် ချက်ပြုတ် စားသောက်နေသည့် လူနေအိမ်များတွင် မီးကြွင်းမီးကျန်များ မကျန်ရှိစေရေး၊ ဖယောင်းတိုင်မီးများ စနစ်တကျထွန်းညှိရေးနှင့် မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပေါ်စေရေးတို့ကို အကြံပြု၍ အသိပညာပေးခဲ့ကြောင်း သိရှိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း (ပြန်/ဆက်)