စဉ့်ကူး အောက်တိုဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်နှင့် စဉ့်ကူးမြို့နယ်အတွင်းရှိ ငါးမွေးတောင်သူများနှင့် ရေလုပ်သားများအား အယ်နီညိုရာသီဥတု ဖြစ်ပေါ်မှုကြောင့် ငါးမွေးမြူရေးကဏ္ဍအပေါ် သက်ရောက်နိုင်မှုများအား ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က စဉ့်ကူးမြို့ ငါးလုပ်ငန်းဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ရိုင်ဦးစီးမှူး ဦးဇော်သန်းက အယ်နီညိုရာသီဥတု ဖြစ်ပွားရခြင်းနှင့် အယ်နီညိုရာသီဥတုဖြစ်ပေါ်မှုကြောင့် ငါးမွေးမြူရေးကဏ္ဍအပေါ် သက်ရောက်နိုင်မှုများအား ကြိုတင်ကာကွယ်နိုင်ရန် အချက်များ၊ ဖြစ်ပွားချိန်တွင် လုပ်ငန်းများဆောင်ရွက်ခြင်းနှင့် အယ်နီညို ဖြစ်ပွားပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လုပ်ဆောင်ရမည့် အချက်များအား အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် စဉ့်ကူးမြို့နယ် ဦးစီးဌာနမှူး ဦးနေလင်းက ငါးမွေးမြူရေးကန်များ ရေကြီးနစ်မြှုပ်မှုနှင့် အပူချိန် ပြင်းထန် လွန်ကဲမှုဒဏ်မှ ကြိုတင်ကာကွယ်နိုင်ရေး ဆောင်ရွက်ရမည့် လုပ်ငန်းများအား ရှင်းလင်းဟော ပြောခဲ့ရာ တက်ရောက်လာကြသူများ၏ ပြန်လည်မေးမြန်းဆွေးနွေးခဲ့မှုအပေါ် ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ဟောပြောပွဲသို့ စဉ့်ကူးမြို့နယ်အတွင်းရှိ ငါးမွေးတောင်သူများနှင့် ရေလုပ်သားများ စုစုပေါင်း(၃၀)ဦး တက်ရောက်ခဲ့ပြီး ဟောပြောပွဲသို့ တက်ရောက်လာသူများအား အယ်နီညိုရာသီ ဥတုကြောင့် ငါးမွေးမြူရေး ကဏ္ဍအပေါ်သက်ရောက်နိုင်မှု ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း စဉ့်ကူးမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးနေလင်းထံမှ သိရသည်။
တင်ဇာလွင် (ပြန်/ဆက်)