ကျောက်ဖြူမြို့၌ လူမှုသဟဇာတနှင့် လူမှုပေါင်းစည်းရေးဆိုင်ရာ(ဆင့်ပွား)သင်တန်းဖွင့်လှစ်

ကျောက်ဖြူ အောက်တိုဘာ  ၁၆

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့၌ လူမှုဝန်ထမ်းဦးစီးဌာနမှဖွင့်လှစ်သည့် လူမှုသဟဇာတနှင့် လူမှုပေါင်းစည်းရေးဆိုင်ရာ (ဆင့်ပွား)သင်တန်းကို ယနေ့နံနက်ပိုင်းက ဂုံးချွိန်ကျေးရွာအုပ်စုရှိ အေးမြသာယာ ကျေးရွာခန်းမတွင် ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်/မြို့နယ်ရုံးဝန်ထမ်းများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းမောင်က လူမှုသဟဇာတဖြစ်ရေးသည် မြန်မာနိုင်ငံတွင် အလွန်အရေးပါပြီးလိုအပ်သည့် ကိစ္စတစ်ခုဖြစ်ပါကြောင်း၊ မတူကွဲပြားခြင်းဆိုသည်မှာ  လူတစ်ဦးနှင့်တစ်ဦး၊ ကျား၊ မ အသက်အရွယ်၊ မိသားစုအသိုင်းအဝိုင်း၊ လူမျိုး၊ ဘာသာ စသည်ဖြင့် မတူညီမှုများစွာရှိသည့်အတွက် အဆိုပါ မတူညီမှုများကို ယိုးမယ်ဖွဲ့ကာ ပူပေါင်းဆောင်ရွက်မှုမရှိပါက လူမှုပဋိပက္ခများမှာ အမြဲဖြစ်ပေါ်နေမည်ဖြစ်ပြီး လူမှုသဟဇာတဖြစ်နိုင်ရန် ခက်ခဲမည်ဖြစ်ပါကြောင်း၊ ပြဿနာများကို ဖြေရှင်းရာတွင် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ဆောင်ရွက်ပါက အချင်းချင်းသဟဇာတဖြစ်ပြီး အောင်မြင်မှုများရရှိမည် ဖြစ်ပါကြောင်း၊ သင်တန်းသား/သူများအနေဖြင့် ယခုသင်တန်းမှရရှိသော အသိပညာ၊ ဗဟုသုတများကို မိမိတို့ရပ်ရွာဒေသတွင် ကိုယ်တိုင်လက်တွေ့ကျင့်သုံးသလို ထပ်ဆင့် အသိပညာပေးကာ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ ပိုမိုမြှင့်တင်ဖော်ဆောင်နိုင်သူများ ဖြစ်ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။ ထို့နောက် ရခိုင်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဦးမြင့်ဇော်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

၎င်းနောက် လူမှုသဟဇာတနှင့် လူမှုပေါင်းစည်းရေးဆိုင်ရာ (ဆင့်ပွား)သင်တန်းအား လူမှုဝန်ထမ်းဦးစီးဌာနမှ နည်းပြဆရာ (၂)ဦးတို့မှ ဆက်လက်ပြသရာ မတူညီသောကျေးရွာနှစ်ခုမှ ရပ်ရွာလူထု (၃၀)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ အောက်တိုဘာ(၁၆)ရက်နေ့မှ (၁၈)ရက်နေ့အထိ သုံးရက်တာကြာမြင့်မည်ဖြစ်ကြောင်း သိရှိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း