ကွန်ဟိန်း အောက်တိုဘာ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ လိုက်ကမ်ကျေးရွာအုပ်စု၊ လိုက်ကမ်ကျေးရွာ၊ ဘုန်တော်ကြီးကျောင်းဓမ္မာရုံ၌ ယနေ့ နံနက် ၁၀ နာရီခန့်က ကွန်ဟိန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်မွေးမြူပုံနည်းစနစ်များနှင့် မွေးမြူရေးနည်းလမ်းကောင်းများအကြောင်း အသိပညာပေးခြင်းနှင့် နွားအသားတိုးကြီးထွားစာနု(၃၆)အိတ် အခမဲ့ဖြန့်ဖြူး ထောက်ပံ့ပေးအပ်ပွဲ ပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ ကွန်ဟိန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာထိန်မင်းက တိရစ္ဆာန်မွေးမြူပုံနည်းစနစ်များနှင့် မွေးမြူရေးနည်းလမ်းကောင်းများအကြောင်းကို အသိပညာပေးခြင်းနှင့် နွားအသားတိုးကြီးထွားစာနု အခမဲ့ဖြန့်ဖြူးထောက်ပံ့ ပေးအပ်ရခြင်းအကြောင်းကို ရှင်းလင်းပြောကြားပြီး နွားအသားတိုးကြီးထွားစာနု အစာအိတ်(၃၆)အိတ်အား လိုက်ကမ်ကျေးရွာမှ မျိုးကောင်းမျိုးသန့်ဒေသနွားပြာစိမ်း မွေးမြူခွင့်ရရှိသော အိမ်ထောင်စု (၁၀) စုထံသို့ အခမဲ့ဖြန့်ဖြူးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ နွားအသားတိုးကြီးထွားအစာနုအား ဒေသနွားများကိုကျွေးခြင်းဖြင့် ကြီးထွားဆဲဒေသနွားများတွင် ကြီးထွားနှုန်းမြန်စေခြင်း၊ အသားတင်နှုန်းမြန်ပြီး ကျန်းမာဝဖြိုးစေခြင်း ဒေသနွားဈေးကွက်တွင် မျက်နှာပန်းလှ၊ ရောင်းပန်းလှစေခြင်း၊ နွားမများတွင်လည်း သားအောင်နှုန်းကောင်းစေခြင်း၊ မွေးဖွားသောနွားသားပေါက်လေးကိုလည်း ကြီးထွားကျန်းမာစေခြင်း၊ ရောဂါဒဏ်ကိုလည်း ခံနိုင်စွမ်းရည်ပိုရစေမှာဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
ခွန်ရဲထွေး