နေပြည်တော် အောက်တိုဘာ ၁၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ ဒက္ခိဏသီရိမြို့နယ်၊ ရွာမကျေးရွာအုပ်စု နယူးဧရာမျိုးစပါးစေ့ထုတ်စက်ရုံအတွင်း ကွင်းအမှတ် ၁၆၇၂ ကွင်း၌ ယနေ့နံနက်ပိုင်းတွင် (၆)တန်းသွား လက်စွဲကောက်စိုက်စက်ဖြင့် တောင်သူပညာပေး စိုက်ပျိုးပြသခြင်းနှင့် ကွင်းသရုပ်ပြပွဲကို ကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တောင်သူများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများ၊ တောင်သူများက ဗီယက်နမ်စပါးမျိုးကို (၆)တန်းသွား လက်စွဲကောက်စိုက်စက်ဖြင့် သရုပ်ပြစိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး (၆)တန်းသွား လက်စွဲကောက်စိုက်စက်များအား ကြည့်ရှုအားပေးရာ အဆိုပါစက်၏ အသုံးပြုပုံများနှင့် အဆိုပါစက်ကို အသုံးပြုခြင်းဖြင့် မျိုးစပါးသက်သာခြင်း၊ လုပ်အားခများသက်သာခြင်း၊ အထွက်နှုန်းများ တိုးတက်ခြင်းစသည့် အကျိုးကျေးဇူးများကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြသည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက တောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်အတွက် “မျိုး၊ မြေ ၊ ရေ ၊နည်း” လေးမျိုးဟာ အဓိက လိုအပ်ချက်များဖြစ်ကြောင်း၊ အထွက်တိုးသည့် မျိုးကောင်းမျိုးသန့်များ၊ ခေတ်မီစက်ကိရိယာများ၊ စိုက်ပျိုးရေ ရယူသည့်စနစ်များနှင့် စိုက်ပျိုးနည်းပညာများကို အသုံးပြုစိုက်ပျိုးကြ၍ တစ်နှစ်လျှင် သုံးသီး စိုက်ပျိုးကာ အထွက်နှုန်းများ တိုးတက်ပြီး တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ကြောင်း၊ စားရေးရိက္ခာဖူလုံအောင် အဓိကဆောင်ရွက်ရာတွင် စိုက်ပျိုးရေးကဏ္ဍကို တိုးချဲ့စိုက်ပျိုးရမှာဖြစ်ကြောင်း၊ ယခုကောက်စိုက်စက်ဖြင့် စမ်းသပ်စိုက်ပျိုးခြင်ဖြင့် အကျိုးကျေးဇူးများရရှိနိုင်ကြောင်း၊ မိရိုးဖလာစိုက်ပျိုးခြင်းထက် ဆန်းသစ်တီထွင်သော နည်းပညာများဖြင့် စိုက်ပျိုးခြင်းအားဖြင့် ကုန်ကျစရိတ်များ သက်သာနိုင်ကြောင်း၊ အထွက်နှုန်းများ ကောင်းမွန်တိုးတက်နိုင်ကြောင်း ပြောကြားသည်။
အဆိုပါ တစ်ဧကလျှင် စပါးမျိုး (၈)ပြည်မှ (၁၀)ပြည်အထိ ပျိုးထောင်နိုင်ကြောင်း၊ ပျိုးရက်သား(၁၄) ရက်သားတွင် စတင်စိုက်ပျိုးနိုင်ကြောင်း၊ (၆)တန်းသွား လက်စွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးလျှင် တစ်ရက်ကို (၅)ဧက စိုက်ပျိုးပြီးစီးနိုင်ကြောင်း၊ လာမည့်နွေစပါး စိုက်ပျိုးရာသီတွင် မြန်မာနယူးဧရာ စိုက်ပျိုးရေးကုမ္ပဏီလီမိတက်မှ တောင်သူများအား ကန်ထရိုက်လယ်ယာစနစ်ဖြင့် ဧက ၈၀ ကို (၆)တန်းသွား လက်စွဲကောက်စိုက်စက်နှင့် စိုက်ပျိုးမှုများကို ဝန်ဆောင်မှုပေးသွားမှာဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် လယ်ဝေးမြို့နယ် တံတားဦးကျေးရွာ ဘုန်းတော်ကြီးကျောင်း ဆရာတော်အား သွားရောက်ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် ကန်သာကျေးရွာအုပ်စု၊ တံတားဦးကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည့် ဘေးဒဏ်သင့် ပြည်သူများအတွက် စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်ပေးရေး ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းအတွက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သင်ကြားပေးသည့် စက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး အမှာစကားပြောကြားသည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက အမှာစကားပြောကြားရာတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ကန်သာကျေးရွာအုပ်စု အောင်မြင်ကုန်းကျေးရွာနှင့် တံတားဦးကျေးရွာတို့တွင် ၂၀၂၃ ခုနှစ် ဧပြီလ ၂၁ ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဆုံးရှုံးမှုများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဘေးဒဏ်သင့် ပြည်သူများအတွက် အချိန်တိုအတွင်း စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်ပေးနိုင်ရန် နည်းပညာသင်တန်းများ ဖွင့်လှစ်ပေးပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများကို အသုံးပြုခွင့်ရအောင် ဆောင်ရွက်ပေးသည့်အတွက် စီးပွားရေးလုပ်ငန်းများ၊ ကိုယ်ပိုင်လုပ်ငန်းငယ်များ ထူထောင်နိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ခြင်းအပြင် စွန့်ဦးတီထွင်လုပ်ငန်းရှင်များ ပေါ်ထွန်းလာပြီး ဒေသပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် သင်တန်းသူများအနေဖြင့် သင်တန်းကာလအတွင်း နည်းပြများမှ သင်ကြားပို့ချပေးသည့် စာတွေ့/လက်တွေ့ ဘာသာရပ်များကို လက်တွေ့အသုံးချနိုင်သည်အထိ စနစ်တကျ လေ့လာသင်ယူကြစေလိုကြောင်းပြောကြားသည်။
ထို့နောက်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ) ဒေါ်ငြိမ်းအေးက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်
ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက ဘေးဒဏ်သင့်ပြည်သူများအတွက် စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်ပေးရေး စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ရေးအဖွဲ့ဝင်များအား စီမံကိန်းဝတ်စုံများပေးအပ်ရာ အဖွဲ့ဝင်တစ်ဦးက လက်ခံရယူသည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသူများနှင့်အတူ အမှတ်တရ မှတ်တမ်းဓာတ်ပုံရိုက်ကြပြီး သင်တန်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောကြားကား ခင်းကျင်းပြသထားသည့် စက်ချုပ်သင်တန်းအတွက် ဆက်စပ်ပစ္စည်းများကို ကြည့်ရှု အားပေးသည်။
အဆိုပါ စက်ချုပ်နည်းပညာသင်တန်းကို သင်တန်းသား(၁၅)ဦးတက်ရောက်ကြပြီး သင်တန်းကာလမှာ အောက်တိုဘာလ ၁၆ ရက်မှ နိုဝင်ဘာလ ၁၆ ရက်နေ့အထိ ဘာသာရပ် (၉)မျိုးကို ကျွမ်းကျင်နည်းပြများက စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် တံတားဦးကျေးရွာအတွင်း တစ်ပိုင်တစ်နိုင် ဝက်မွေးမြူရေးခြံများကို သွားရောက်ကြည့်ရှုအားပေးပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တိုးချဲ့မွေးမြူမည့် အခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်က လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ကျေးရွာအတွင်းပြန်လည်ထူထောင်ရေးလုပ်ငန်းအဖြစ် တည်ဆောက်နေသည့် အရေးပေါ်ကျေးလက်ဆေးပေးခန်း၊ ဘုန်းတော်ကြီးကျောင်း ပြန်လည် ပြင်ဆင်မွမ်းမံပေးခြင်း၊ သိမ်ဆောက်လုပ်ပြီးစီးမှုနှင့် ကျေးရွာအတွင်း သန့်ရှင်းသာယာရေး ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)