သံတွဲ အောက်တိုဘာ ၁၆
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာဖတ်ရှိန်မြင့်မားလာပြီး စာအုပ်စာပေကောင်းများကို လေ့လာရှာမှီးတတ်စေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်စနစ် Mobile မော်တော်ယာဉ်ဖြင့် ကျောင်းများ၊ ကျေးရွာများ၊ ဌာနဆိုင်ရာများ အရောက်စာအုပ်များငှားရမ်း ဝန်ဆောင်မှုပေးခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ မလာရောက်နိုင်သည့်ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများနှင့် ပြည်သူများအနေဖြင့် အားလပ်ချိန်တွင် မိမိကြိုက်နှစ်သက်သည့် စာအုပ်/စာပေကောင်းများ ဖတ်ရှုနိုင်စေရေးအတွက် ယနေ့မွန်းလွဲ ၁၂း၃၀ နာရီက သံတွဲခရိုင်နှင့် မြို့နယ်မီးသတ်ဦးစီးဌာနသို့ ရွေ့လျားစာကြည့်တိုက်စနစ် Mobile Library မော်တော်ယာဉ်ဖြင့် ကွင်းဆင်း၍ သုတ/ရသစာအုပ်များအား အခမဲ့ငှားရမ်းပေးခဲ့သည့်အပြင် အသင်းဝင်ကတ်များကိုလည်း အခမဲ့ ဆောင်ရွက်ပေးခဲ့သည်။
ယခုကဲ့သို့ ငှားရမ်းဆောင်ရွက်ပေးခြင်းမှာ စာပေတန်ဖိုးကိုချစ်မြတ်နိုးပြီး စာအုပ်စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများသိရှိစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အလုပ်တာဝန်များကြောင့် မအားမလပ် ဖြစ်နေသူများ၊ အချိန်မရ၍ စာကြည်တိုက်သို့ လာရောက်ငှားရမ်းနိုင်ခြင်း မရှိသူများအတွက် ရည်ရွယ်ပြီး ယခုလို ဌာနဆိုင်ရာများအရောက် ကွင်းဆင်းငှားရမ်းပေးခြင်းဖြစ်ကြောင်း သိရသည်။
သန့်ဇင်(ခရိုင်ပြန်/ဆက်)