ရှမ်းပြည်နယ်ဝန်ကြီးချုပ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဆေးတက္ကသိုလ်တောင်ကြီးတို့ ပူးပေါင်းကျင်းပသည့် “လူငယ်စကားဝိုင်း”သို့ တက်ရောက်

တောင်ကြီး အောက်တိုဘာ ၁၆

လူငယ်များအတွက် လိုအပ်နေသော အသိအမြင်ကြွယ်ဝစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဆေးတက္ကသိုလ်-တောင်ကြီးတို့ ပူးပေါင်းကျင်းပသည့်  “လူငယ်စကားဝိုင်းကို ယနေ့ နံနက်(၉)နာရီက တောင်ကြီးမြို့ ဆေးတက္ကသိုလ်-တောင်ကြီး ဘက်စုံခန်းမ၌ ကျင်းပသည်။

“လူငယ်စကားဝိုင်းတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဆေးတက္ကသိုလ်-တောင်ကြီးတို့ ပူးပေါင်းပြီး လူငယ်များအတွက်လိုအပ်နေသော အသိအမြင်ကြွယ်ဝစေရန် လူငယ်စကားဝိုင်းကို ဆောင်ရွက်ပေးသည့်အတွက် အလွန်ကောင်းမွန်သည့် လုပ်ငန်းဆောင်ရွက်ချက်တစ်ခုဖြစ်ပါကြောင်း၊ ယနေ့ကျင်းပပြုလုပ်သည့် လူငယ်စကားဝိုင်းများသည် ဗလငါးတန်ထဲတွင် ဥာဏဗလဟုခေါ်သည့် ဥာဏ်ပညာဖွံ့ဖြိုးစေရန်၊ စာရိတ္တဗလ ဟုခေါ်သည့် ကိုယ်ကျင့်သိက္ခာ ကောင်းမွန်စေရန်၊ မိတ္တဗလဟုခေါ်သည့် မိတ်ဆွေအပေါင်းအသင်းကောင်းများတိုးပွားလာစေရန် စသည့်ရည်ရွယ်ချက်ကောင်းများ ပြည့်စုံနေမှုကို တွေ့ရပါကြောင်း၊ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ လူငယ်စကားဝိုင်းများ လူငယ်ရေးရာအသိပညာဟောပြောပွဲများကို နိုင်ငံတစ်ဝန်းရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၊ အခြေခံပညာကျောင်းများတွင် ကျယ်ကျယ်ပြန့်ပြန့် ကျင်းပလျက်ရှိသည်ကို သိရှိရပါကြောင်း၊ ယနေ့လူငယ်များအနေဖြင့် မိမိတို့၏ မျှော်မှန်းချက် မိမိတို့၏ အနာဂတ်အတွက် လူငယ်စကားဝိုင်းမှတစ်ဆင့် နိုင်ငံတော်အစိုးရနှင့် ပြည်သူများသိရှိအောင် တင်ပြဆွေနွေး ပြောဆိုခြင်းဖြင့် နောင်အနာဂတ်ကာလတွင် လူငယ်များအတွက် ကောင်းမွန်သည့် အနာဂတ်ကို မလွဲမသွေ ပိုင်ဆိုင်နိုင်ကြမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ဆေးတက္ကသိုလ်-တောင်ကြီး၊ ပါမောက္ခချုပ် ဒေါက်တာလှဝင်းမြင့်က လူငယ်စကားဝိုင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးအားဗျေ့(ခ)အေးမောင်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးမည့် ကျောင်းသား၊ ကျောင်းသူများက နေရာယူ၍ မိတ်ဆက်ကြပြီး စကားဝိုင်းကို စတင်ရာ ဆေးတတ္ကသိုလ်-တောင်ကြီး တတိယနှစ် အမ်ဘီဘီအက်စ်မှ မောင်အောင်အာကာက လူငယ်နှင့်နည်းပညာ ခေါင်းစဥ်ဖြင့်လည်းကောင်း၊ တတိယနှစ် အမ်ဘီဘီအက်စ်မှ မောင်ခွန်ဟန်သာစိုးက လူငယ်နှင့် စာဖတ်ခြင်းခေါင်းစဥ်ဖြင့်လည်းကောင်း၊ တတိယနှစ် အမ်ဘီဘီအက်စ်မှ မောင်နိုင်လင်းအောင်က  လူငယ်နှင့် အားကစားခေါင်းစဥ်ဖြင့်လည်းကောင်း၊ တတိယနှစ် အမ်ဘီဘီအက်စ်မှ မစုယွန်းရွှေရည်က လူငယ်နှင့် ကျန်းမာရေးခေါင်းစဥ်ဖြင့်လည်းကောင်း၊ တတိယနှစ် အမ်ဘီဘီအက်စ်မှ  မောင်မင်းသူခန့်က လူငယ်နှင့် မူးယစ်ဆေးဝါးသုံးစွဲမှု ခေါင်းစဥ်ဖြင့်လည်းကောင်း၊ တတိယနှစ် အက်ဘီဘီအက်စ်မှ မသင်းရနံ့အေးက လူငယ်နှင့် လူကုန်ကူးမှုတိုက်ဖျက်ရေး ခေါင်းစဥ်ဖြင့်လည်းကောင်း ဆွေးနွေးကြသည်။

၎င်းနောက် လူငယ်စကားဝိုင်းတွင် ဆွေးနွေးကြသည့် ခေါင်းစဥ်များကို ဆေးတက္ကသိုလ်-တောင်ကြီး ကျောင်းသား၊ ကျောင်းသူများမှ မေးမြန်းကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ဆေးတက္ကသိုလ်-တောင်ကြီးအတွက် အားကစားပစ္စည်းများ၊ ဂုဏ်ပြုချီးမြှင့်ငွေများ၊ လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးပေးကြသူများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ရာ ဆေးတက္ကသိုလ်-တောင်ကြီး ပါမောက္ခချုပ် ဒေါက်တာလှဝင်းမြင့်၊ စကားဝိုင်းတွင် စေ့စပ်ညှိနှိုင်းပေးသူ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဒေါ်အေးအေးစိုးနှင့် ဆွေးနွေးပေးကြသည့် ကျောင်းသား၊ ကျောင်းသူများမှ လက်ခံရယူကြပြီး ဆေးတက္က္ကသိုလ်-တောင်ကြီး ကျောင်သားတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရှိရသည်။

မောင်မောင်သန်း(ပြန်/ဆက်)