မြစ်သား အောက်တိုဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကုက္ကိုစုကျေးရွာအုပ်စု၊ ကွင်းအမှတ်(၅၁၂)၊ ဦးပိုင်အမှတ် (၁၀၀)ရှိ တောင်သူဦးအောင်မြင့်၏ ဥဇဘတ်ကစ္စတန်နိုင်ငံမှ ဝါမျိုး(၈)မျိုးနှင့် ဒေသမျိုးရွှေတောင်(၁၀)၊ စုစုပေါင်း(၉)မျိုး၏ မိုးနှောင်းချည်မျှင်ရှည်ဝါစိုက်ခင်းတွင် စိုက်ပျိုးရေးဦးစီးဌာန ဝါနှင့်လျှော်မျှင်သီးနှံဌာနခွဲမှ စီမံကိန်းဒါရိုက်တာ ဦးစိုးသိန်းနှင့်တကွ ပညာရှင်များပါဝင်သောအဖွဲ့နှင့်အတူ ဝါစိုက်တောင်သူများကိုယ်တိုင် ဝါပင်များအား မျက်မြင် အကဲဖြတ်သုံးသပ်ခြင်း ကွင်းဆင်းလေ့လာခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးနှောင်းချည်မျှင်ရှည်ဝါ ဝါစိုက်ကွင်းသရုပ်ပြပွဲ၌ မြစ်သားမြို့နယ်ရှိ ဝါအများဆုံးစိုက်ပျိုး ထုတ်လုပ်သော ကျေးရွာအုပ်စု(၇)အုပ်စုမှ ဝါစိုက်တောင်သူ(၅၀)ဦးသည် ဝါမျိုးသစ်(၈)မျိုးနှင့် ဒေသမျိုးရွှေတောင် (၁၀)တို့အား ဝါပင်၏ ပြင်ပသွင်ပြင်လက္ခဏများကို လေ့လာဆန်းစစ် အကဲဖြတ်မှတ်တမ်းတင်ခြင်း၊ ထိုသို့ အကဲဖြတ်မှတ်တမ်းတင်ခြင်းအားဖြင့် ပညာရှင်နှင့်တောင်သူပူးပေါင်းကာ အရည်အသွေးပြည့်ဝပြီး အထွက်နှုန်းကောင်းမွန်သည့် ဝါမျိုးသစ်များ နောင်တွင် ပေါ်ထွက်လာနိုင်ရေး ရွေးချယ်ကွင်းဆင်းလေ့လာခဲ့ကြသည်။ အရည်သွေးကောင်းမွန်၍ အထွက်နှုန်းတိုးတက်သည့် ဝါမျိုးကောင်းမျိုးသန့်တွေကို ရွေးချယ်ပြီးတစ်ဖက်က နည်းပညာရှင်များရဲ့ ရွေးချယ်မှုနှင့်ပူးပေါင်း၍ တောင်သူများ၏ စိုက်ခင်းပေါ်မှာ တွေ့မြင်ရတဲ့အခြေအနေတွေကို တောင်သူများရဲ့ ဆန္ဒပါပူးပေါင်းကာ ရွေးချယ်နိုင်ရေးကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမောင်မောင်ငြိမ်းမှလည်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ စိုက်ပျိုးရေးဦးစီးဌာနနှင့်တောင်သူများ အကဲဖြတ်သုံးသပ်ခြင်း ကွင်းဆင်းလုပ်ငန်းသို့ ဝါနှင့်လျှော်မျှင်သီးနှံဌာနခွဲ စီမံကိန်းဒါရိုက်တာ ဦးစိုးသိန်းနှင့်ပညာရှင်များ၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူးရုံးမှ မြေ၊ မျိုး၊ ပိုးတာဝန်ခံများ၊ မြစ်သားမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးဦးမောင်မာင်ငြိမ်းနှင့်ဝန်ထမ်းများ၊ ဝါစိုက်တောင်သူများကိုယ်တိုင် မျိုးရွေးချယ် ကွင်းဆင်းလေ့လာခြင်း လုပ်ငန်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)