မိုင်းဆတ် အောက်တိုဘာ ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်ရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား စိတ်အပန်းဖြေ ပျော်ရွှင်စေရေးအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၊ အမှတ်(၂)နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ လာရောက်ကပြ ဖျော်ဖြေပွဲကို ယမန်နေ့ည (၇) နာရီမှ စတင်၍ မိုင်းဆတ်မြို့နယ်၊ ဆက်သွယ်ရေး(၁၀)တပ်ရင်းရှိ ကွင်းပြင်၌ ကပြ ဖျော်ဖြေခဲ့ကြောင်း သိရသည်။
အဆိုပါကပြဖျော်ဖြေပွဲတွင် အမှတ်(၂) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲ၊ ပြဇာတ်ကြီးတပ်စုမှ ဗိုလ်မှူးဇေယျာသိန်း ဦးဆောင်သော အနုပညာရှင် စစ်သည်၊ စစ်သမီးတို့မှ ခေတ်ပေါ်တေးသီချင်းများဖြင့် သီဆိုကပြမှု ဖျော်ဖြေရေးအစီအစဉ်များ၊ တစ်ခန်းရပ်ဟာသပြဇာတ်များ၊ အငြိမ့်အစီအစဉ်နှင့် မျက်လှည့် လက်လှည့်အစီအစဉ်များဖြင့် ခင်မင်ရင်းနှီးစွာ ကပြဖျော်ဖြေတင်ဆက်ခဲ့ရာ အမှတ်(၁၄)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်အေးမင်းဦးနှင့် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်မိသားစုဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မြို့မိ/မြို့ဖများနှင့် ဒေသခံ တိုင်းရင်းသားပြည်သူများမှ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မြင့်မောင်(မိုင်းဆတ်)