မြစ်သား အောက်တိုဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ မိုးစပါးတောင်သူများ၏ ၂၀၂၃ ခုနှစ် မိုးစပါးများ စိုက်ပျိုးမှုဧက (၆၂၃၈၈)ဧက စိုက်ပျိုးထားရှိပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
မြစ်သားမြို့နယ်၌ ဒေသအတွင်းစားသုံးရန် ကြိုက်နှစ်သက်သော ဧရာမင်း၊ မနောသုခ၊ ရွှေမနော၊ ရက် ၉၀ စပါးမျိူးကို အများဆုံးစိုက်ပျိုးလျက်ရှိသည်။ တောင်သူလယ်သမားများ မိုးစပါးစိုက်ပျိုးရာတွင် သီးနှံများ အောင်မြင်ဖြစ်ထွန်းရေးအတွက် လိုအပ်သော စိုက်ပျိုးရေးဆိုင်ရာနည်းပညာများ၊ သွင်းအားစုများ၊ သီးနှံမျိုးစေ့များ ကူညီထောက်ပံ့ခြင်းများကို စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိပြီး ပိုးမွှားများ ကျရောက်မှုမရှိစေရေး သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ကာ ယခုနှစ်မိုးရာသီကာလတွင် မြို့နယ်အတွင်းရှိ မိုးရေများကြောင့် လယ်များတစ်ချို့၌ ရေနစ်မြှပ်မှုရှိခဲ့သော်လည်း စိုက်ပျိုးထားသောစပါးများကြီးမားသည့် ထိခိုက်ပျက်စီးမှု ဖြစ်ပွားခြင်းမရှိပါကြောင်း သိရသည်။
အဆိုပါ မိုးစပါးများကို မြစ်သားမြို့နယ်၌ ဇူလိုင်မှစ၍ စိုက်ပျိုးထားပြီး နိုဝင်ဘာလကုန်တွင် စတင်ရိတ်သိမ်းသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဝင်းမင်းထွန်း