မြစ်ကြီးနား အောက်တိုဘာ ၁၆
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာအုပ်စု၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ရွှေမိုး တောင်ပေါ်တွင် တည်ထားကိုးကွယ်သည့် ရဟန္တာတစ်ထောင်ရှင်ပင်မြတ်စွာ ဆုတောင်းပြည့် စေတီတော်ကြီးအား လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေး ကချင်ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ဦးစီးကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်း ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက ဘဏ္ဍာငွေရှာဖွေရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။
အစည်းအဝေးတွင် ဘဏ္ဍာငွေရှာဖွေရေးဆပ်ကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက ရွှေမိုးတောင် ရဟန္တာတစ်ထောင် ရှင်ပင်မြတ်စွာဆုတောင်း ပြည့်စေတီတော်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်း ပြန်လည်ကပ်လှူပူဇော်နိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့၏ ဦးဆောင်စီစဥ်ကြီးကြပ်မှုဖြင့် ဆောင်ရွက်မည့် လုပ်ငန်းအစီအမံ များ၊ ခန့်မှန်းကုန်ကျမည့် အလှူငွေဆိုင်ရာများနှင့် ကော်မတီအလိုက် ဆောင်ရွက်နေသည့် လုပ်ငန်းအစီအစဥ်များကို ရှင်းလင်းပြောကြားပြီး၊ ကော်မတီအတွင်းမှူး ပြည်တွင်းအခွန်များဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေး လိုအပ်သည့် ရန်ပုံငွေပမာဏတွင် လက်ရှိ ရွှေမိုက်ထုတ်ယူမှုလုပ်ငန်းမှ ရရှိနိုင်မည့် အခြေအနေ၊ အလှူငွေ လှူဒါန်းရရှိမှုများနှင့် လိုအပ်မည့် ရန်ပုံငွေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ကော်မတီအဖွဲ့ဝင်များဖြစ်သည့် ဌာနဆိုင်ရာများ၊ စေတီတော်ဂေါပကအဖွဲ့ဝင်များ၊ ပြည်နယ်သာသနာရေးဦးစီးဌာနနှင့် တက်ရောက်လာသည့်ရွှေဆိုင် လုပ်ငန်းရှင်များက စေတီတော်ကြီး ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေး အများကုသိုလ်ဖြင့် ပါဝင်လှူဒါန်းနိုင်ရန် ဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးသည်။
အဆိုပါ ရွှေမိုးတောင်စေတီတော်မြတ်ကြီးကို မြစ်ကြီးနားမြို့၊ ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက် ယခင် ဆရာတော်ကြီး၏ သြဝါဒပြုမှု၊ လမ်းညွှန်မှုနှင့် နိုင်ငံတော်အကြီးအကဲ အမှူးပြုသည့် စစ်ဘက်၊ နယ်ဘက်အဖွဲ့အစည်းအသီးသီးများ၊ စေတနာရှင်အလှူရှင်များ စုပေါင်းပါဝင်လှူဒါန်းကာ ၂၀၁၈ ခုနှစ်တွင် ရွှေထီးတော်နှင့် ရွှေသားရွှေစင်တစ်ပိဿာကျော်ဖြင့် ရွှေသင်္ကန်းတော်ကို အများကြည်ညို သပ္ပါယ်ဖွယ် ဖူးမြှော်နိုင်ရေး ရွှေသင်္ကန်း ကပ်လှူပူဇော်ခဲ့ရာ ယခုအခါ ၅ နှစ်ကျော် ကာလကြာ မြင့်ခဲ့ပြီဖြစ်သဖြင့် ရာသီဥတုဒဏ်၊ လေဒဏ်မိုးဒဏ်တို့ကြောင့် ပြန်လည်၍ ရွှေသင်္ကန်း ကပ်လှူနိုင်ရေး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
ပြည်နယ်ပြန်/ဆက်