ညောင်ဦး အောက်တိုဘာ ၁၆
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်း ကျေးလက်တောင်သူများစိုက်ပျိုးထားသည့် သုံးလမြေပဲခေါ် ပင်ထောင်မြေပဲခင်းများအတွင်း သီးထပ်စိုက်ပျိုးထားသည့် ပဲစင်းငုံများ ပင်ထောင်မြေပဲများနှင့်အတူ အောင်မြင်ဖြစ်ထွန်းပြီး သီးနှံပင်များနှစ်မျိုးလုံး ဖြစ်ထွန်းအောင်မြင်နေကြောင်း သိရသည်။
ညောင်ဦးမြို့နယ်အတွင်း ယခုနှစ်မိုးရွာသွန်းမှုကောင်းခြင်းနှင့်အတူ ပင်ပြန့်မြေပဲ၊ ပင်ထောင်မြေပဲ၊ ပဲတီးစိမ်း၊ ဖယုံစိုက်ခင်း၊ ပြောင်းစိုက်ခင်း၊ ခရမ်းချဉ်စိုက်ခင်း၊ ပြောင်းဖူး၊ ငရုတ်နှင့်ပဲစင်းငုံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေကြကာ ကျေးလက်တောင်သူများ ရာသီဥတုမှန်ကန်ကောင်းမွန်ခြင်းနှင့်အတူ ရိတ်သိမ်း/ဆွတ်ခူးပြီး သီးနှံမျာလည်း ရောင်းချချိန်ဈေးနှုန်းကောင်းဖြင့် ရောင်းချနေရကြောင်း ကျေးလက်တောင်သူများထံကသိရသည်။
ညောင်ဦးမြို့နယ်အတွင်း ကျေးလက်တောင်သူများသည် ပင်ထောင်မြေပဲစိုက်ပျိုးကြရာတွင် တန်းကြောင်းချစိုက်ပျိုးကာ ပဲစင်းငုံကိုသီးထပ်အဖြစ် မြေပဲတန်းကျောင်းသုံးကြောင်းလျှင် ပဲစင်ငုံတစ်တန်းထည့်စိုက်ပျိုးကြကြောင်း မြေပဲနှုတ်သိမ်းပြီးချိန် ပဲစင်းငုံ ကျန်ခဲ့ကာ အပင်များလေဝင်လေထွက်ကောင်းမွန်ခြင်းနှင့်အတူ ကျေးလက်တောင်သူများ စိုက်ပျိုးထားသည့် ပင်ထောင်မြေပဲရော ပဲစင်းငုံခင်းများပါ အောင်မြင်ဖြစ်ထွန်းနေကြပြီး နုတ်သိမ်းချိန် အထွက်နှုန်းကောင်းရန် မျှော်လင့်နေကြကြောင်း သိရသည်။
ဒီပါလင်း