ညောင်ဦး အောက်တိုဘာ ၁၆
မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင်ကျေးရွာများဖြစ်သည့် လက်ပံအိုင့်ကျေးရွာ၊ လဲဂွကျေးရွာ၊ မုန့်ကုန်း၊ ညောင်ဖြူပင်၊ ကုန်းတဲ၊ ညောင်ချိုင်း၊ ဆပ်ပြာကျင်း၊ မကြီးတိုင်း၊ စည်ပင်သာ၊ အိုးအိုင်၊ ကင်မွန်းခြုံကျေး ရွာများသည် ကြက်တူရွေးပဲသီးစိုက်ပျိုးခြင်းအား မြေအောက်ရေအသုံးပြု ရာသီမရွေးစိုက် ပျိုးကြရာ ကြက်တူရွေးပဲသီးပေါ်ချိန် တစ်ပိသာ ၂၀၀၀ ကျပ်ရောင်းချနေရခြင်းကြောင့် ကြက်တူရွေးပဲစိုက်ပျိုးတောင်သူများ တွက်ခြေကိုက်နေကြကြောင်း သိရသည်။
ကြက်တူရွေးပဲစတင်စိုက်ပျိုခြင်းအား ဝါဆိုလ၊ ဝါခေါင်လတွင် စတင်စိုက်ပျိုးခဲ့ပြီး တိုင်ထောင်စနစ်ဖြင့် စိုက်ပျိုးခဲ့ကြောင်း၊ အစေ့တိုက်ရိုက်မြေချစနစ်ဖြင့် စိုက်ပျိုးပြီး တစ်စေ့နှင့်တစ်စေ့ တစ်ပေအကွာစိုက်ပျိုးကြကြောင်း၊ သုံးရက်ဖြင့် အပင်ပေါက်ကာ၊ အပင်ပေါက် ပြီးတစ်လခန့်ကြလျှင် အဖူးအပွင့်စတင်ဖူးပွင့်ပြီး အသီးသီးကြောင်း သိရသည်။ ကြက်တူရွေးပဲသည် ရေကြိုက်ကာ မြေအောက်ရေသွင်းပြီး စိုက်ပျိုးခဲ့ရာအပင်များ ဖြစ်ထွန်းမှုအားကောင်းပြီး ပဲသီးတောင့်ရှည်ကာ အလုံးတုတ်ခြင်းကြောင့်၊ နွေရာသီစိုက် ကြက်တူရွေးပဲထက် အချိန်ပိုခံကြောင်း၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကြက်တူရွေးပဲ စိုက်ပျိုးခြင်းအား ယခုနှစ်မိုးကာလတွင် တောင်သူများ စမ်းသပ်စိုက်ပျိုးကြရာ ပဲသီး အသီးသီးနှုန်းကောင်းမွန်ပြီး ဈေးနှုန်းကောင်းရန်လည်း ကြက်တူရွေးပဲစိုက်တောင်သူများ မျှော်လင့်နေသည့် ဈေးနှုန်းဖြစ်ခြင်းကြောင့် စိုက်ရကျိုးနပ်သည့်ပဲဖြစ်ခဲ့ကြောင်း၊ ကြက်တူရွေးပဲသီးခူးချိန်သည်လည်း နှစ်ရက်တစ်ခါခူးရခြင်း၊ အပင်အခြေအနေကြည့် မြေအအောက်ရေသွင်း ဖြစ်ထွန်းခြင်းကြောင့် ပေတစ်ရာငါးဆယ်ပတ်လည် စိုက်ပျိုးကွက်တစ်ကွက် တစ်ခါဆွတ်ခူး ပိသာချိန် ၂၅ ပိသာဆွတ်ခူးရရှိပြီး တစ်ပိသာ ၂၀၀၀ ကျပ်ရောင်းချရခြင်းကြောင့် ကြက်တူရွေးပဲစမ်းသပ်စိုက်ပျိုးတောင်သူများ မိသားစုဝင်ငွေတွက်ခြေကိုက်နေကြကြောင်း၊ ပဲသီးရောင်းချချိန်တွင်လည်း မျက်နှာမငယ်ရပဲ ကုန်စိမ်းပွဲရုံများက ချက်ခြင်းဝယ်ယူကြကြောင်း၊ ပဲသီးဝယ်ပွဲစားများလည်း စိုက်ခင်းအထိလာ ရောက်ဝယ်ယူကြကြောင်း၊ ထွက်ရှိလာသည့် ကြက်တူရွေးပဲသီးများအား ညောင်ဦး၊ မြင်းခြံ၊ တောင်သာ၊ ငါ့သရောက်ပွဲစားများ လာရောက်ဝယ်ယူကြခြင်းများလည်းရှိကာ ဈေးကွက်သို့ ကိုယ်တိုင်ရောင်းချခြင်းများလည်းရှိကြောင်း သိရကာ ကြက်တူရွေးပဲစိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေ တွက်ခြေကိုက်နေကြကြောင်း၊ နေရာဒေသမရွေး ရေရှိယုံဖြင့် ကြက်တူရွေးပဲစိုက်ပျိုးသင့်ကြောင်းလည်း လက်ပံအိုင့်ကျေးရွာ ဦးမြမောင်က ပြောကြား၍ သိရသည်။
ဒီပါလင်း