မိုးညှင်း အောက်တိုဘာ ၁၆
ကချင်ပြည်နယ် မိုးညှင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်း စားသုံးဆီ ဖူလုံမှုရှိစေရေးအတွက် ဖွံ့ဖြိုးရေးချေးငွေဖြင့် ရယူထားသည့် ဆီစက်လုပ်ငန်းရှင်များ အမှန်တကယ် လုပ်ငန်းလည်ပတ်ထားခြင်း ရှိ၊ မရှိ တာဝန်ရှိသူများမှ ယနေ့နံနက် (၁၁)နာရီက ဒုတိယအကြိမ် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွန်းထွန်းဝင်း၊ မြို့နယ်ဦးစီးမှူး ဦးဌေးမြင့်နှင့် ဆက်စပ်ဌာနဆိုင်ရာများဖြစ်ကြသည့် စားသုံးသူရေးရာဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်အတူ မိုးညှင်းမြို့ စိမ်းရတနာမွန်(တောင်ပိုင်း) ရပ်ကွက်တွင်ရှိသည့် မြတ်သုခ ဆီစက်လုပ်ငန်းအား စစ်ဆေးခဲ့ကြရာ ဆီစက်လုပ်ငန်းရှင် ဦးချစ်ငွေမှ ရာသီချိန် ကုန်လွန်သွားပြီဖြစ်၍ ယခင်ကကြိတ်ထားသည့် မြေပဲဆီများကို သိုလှောင်ထားရှိပြီး ယခုအခါတွင် ရောင်းချနေသည့် အခြေအနေများ၊ ဆီသိုလှောင်ထားရှိမှု အခြေအနေများနှင့် ဆီများဖြန့်ဝေရောင်းချမှု အခြေအနေများကို ရှင်းလင်းပြသခဲ့သည်။
ထို့နောက် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့မှ တာဝန်ရှိသူများက ၎င်းဆီစက်လုပ်ငန်းရှင်အား အဆိုပါ လုပ်ငန်းပိုမိုတို့ချဲ့ အောင်မြင်နိုင်ရေးအတွက် ယခင်က ဆွေးနွေးပြောကြားခဲ့သည့် လိုအပ်ချက်များနှင့် အားနည်းချက်များကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်ပေါင်းစပ်၍ အကြံပြု ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မြတ်သုခဆီစက်လုပ်ငန်းသည် ရာသီချိန်တွင် နေ့စဉ် ဆီပိဿာ (၂၀၀)ခန့် ထွက်ရှိကြောင်းနှင့် ၎င်းဆီများကို ကချင်ပြည်နယ် ဒေသတွင်းအပြင် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများကိုလည်း ဖြန့်ချိလျက်ရှိကြောင်း ဆီစက်လုပ်ငန်းရှင် ဦးချစ်ငွေထံမှ သိရသည်။
ရွှေမိုးညှင်း