မိုးကောင်းမြို့ နန့်လှိုင်ကျေးရွာ၌ မွမ်းမံစက်ချုပ်နည်းပညာသင်တန်းဆင်းပွဲနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံး ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနား

မိုးကောင်း အောက်တိုဘာ ၁၆

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ နန့်လှိုင်ကျေးရွာ ဘက်စုံသုံးခန်းမ၌ မွမ်းမံစက်ချုပ်နည်း ပညာသင်တန်းဆင်းပွဲနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲကို ယနေ့နံနက် (၉)နာရီတွင် ကျင်းပသည်။

အခမ်းအနားတွင် မိုးညှင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်က အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်းဝင်းက အားပေးစကားပြောကြားသည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊  ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးနှင့် မိုးကောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်တို့က ထူးချွန်သင်တန်းသူ (၅)ဦးအား အပ်ချုပ်စက်၊ ကင်းချည်စက်၊ ဘီတင်စက်နှင့် ဆက်စပ်ပစ္စည်းများ ပေးအပ်ချီးမြှင့်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးမျိုးဝင်းက သင်တန်းသူများအား လျှပ်စစ်မီးပူကိုလည်းကောင်း၊ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ယဉ်ယဉ်မြင့်က သင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း၊ နမ္မတီးနယ်မြေ ရဲစခန်းမှူး ရဲအုပ် နေထွန်းမှ ဒေသကုန်ချောပစ္စည်းများကိုလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားပြီး မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကာ ခင်းကျင်းပြသထားသည့် အပ်ချုပ်စက်ပစ္စည်းနှင့် သင်တန်းသူများ၏ လက်တွေ့ချုပ်လုပ်ထားသည့် အထည်များကို တာဝန်ရှိသူများက ကြည့်ရှုအားပေးကြောင်း သိရသည်။

ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက နန့်လှိုင်စံပြကျေးရွာ၌ အခြေခံစက်ချုပ် နည်းပညာသင်တန်းကို (၂-၈-၂၀၂၃)ရက်နေ့မှ (၃၁-၈-၂၀၂၃)ရက်ထိသင်ကြားပြီး ဒုတိယမွမ်းမံ (၁၅)ရက်သင်တန်းကို (၂-၁၀-၂၀၂၃)ရက်မှ(၁၆-၁၀-၂၀၂၃)ရက်ထိ သင်တန်းသူ(၁၃)ဦးဖြင့် ပို့ချသင်ကြားခဲ့ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)