သီပေါ အောက်တိုဘာ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၁၀)နာရီက ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဝင်းက အစည်းအဝေးကို တက်ရောက်လာသော ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းလိုအပ်ချက်များကို ကဏ္ဍအလိုက် အသီးသီး ပေါင်းစပ်ညှိနှိုင်းဆွေးနွေးဆောင်ရွက်ကြရန်၊ ဌာနဆိုင်ရာအကြီးအကဲများအနေဖြင့် လုံခြုံရေးအသိ၊ လုံခြုံရေးသတိရှိကြရန် စသည်ဖြင့် ဆွေးနွေးခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ရဲမှူးအောင်မင်းက ရေကြီးရေလျှံ ဖြစ်ပေါ်လာချိန်၌ ဌာနဆိုင်ရာဝန်ထမ်းများ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှု အခြေအနေကိုလည်းကောင်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသန်းစိုးဦးက လမ်းမီးများ မီးလင်းရေးနှင့်ပတ်သက်၍လည်းကောင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးထွန်းက အထက်အဆင့်ဆင့်မှ ညွှန်ကြားချက်များအား ချပြရှင်းလင်းခြင်းကိုလည်းကောင်း၊ မီးသတ်ဦးစီးဌာနဦးစီးအရာရှိ ဦးအောင်ကြည်ထွန်းက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းဆိုင်ရာများနှင့်ပတ်သက်၍လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းမင်းဦးက ဆောင်းမြေပဲနှင့် ဆောင်းနေကြာ မျိုးစေ့ထုတ်စိုက်ပျိုးရန်ကိစ္စများနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ရပ်ကွက်များတွင် လိုအပ်လျက်ရှိသော လုပ်ငန်းများနှင့်ပတ်သက်၍ တင်ပြဆွေးနွေးခဲ့ကြကာ အသီးသီး အပြန်အလှန် ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သီပေါမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်လလျှင် (၂)ကြိမ် ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ဆောင်ရွက်လျက်ရှိပြီး အစည်းအဝေးသို့ ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့် အနီးအနား ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)