ရန်ကုန်တိုင်းဒေသကြီး၌ ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားရေးသင်တန်း ဖွင့်လှစ်

တာမွေ အောက်တိုဘာ ၁၆

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများမှ ဝန်ထမ်းများအနေဖြင့် ယခင်ကထက် လုပ်ငန်းစွမ်းဆောင်ရည်များ တိုးတက်မြင့်မားစေရန်နှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် တိကျမှန်ကန်မြန်ဆန်စွာ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်စေရေးအတွက် ရည်ရွယ်၍ ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားရေး သင်တန်းအမှတ်စဉ်(၁) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး သင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးရုံးမှ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဆန်းဝင်းနှင့် တာဝန်ရှိသူများ၊ သင်တန်းသား/သူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးရုံးမှ တိုင်းဒေသကြီး ဦးစီးမှူးညွှန်ကြားရေးမှူး ဦးဆန်းဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် “ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်ဆိုသည့်စကားအတိုင်း နိုင်ငံတော်၏ယန္တရားများ လည်ပတ်နိုင်ဖို့အတွက် ဝန်ထမ်းများ စွမ်းအားပြည့်ဝစွာဖြင့် ပေးအပ်သည့်တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်ရန်ဖြစ်ပါကြောင်း၊ မိမိတို့တာဝန်ကျရာ ရာထူးနေရာအသီးသီး၌ တာဝန်ထမ်းဆောင်ရာတွင် လုပ်ငန်းကျွမ်းကျင်မှုရှိပြီး စွမ်းဆောင်ရည်များ မြင့်မားတိုးတက်စေရန်အတွက် ယခုလိုစွမ်းရည်မြှင့်သင်တန်းများကို ဖွင့်လှစ်ပို့ချပေးခြင်းဖြစ်ပါကြောင်း” စသည်ဖြင့် ပြောကြားခဲ့သည်။

အဆိုပါ ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားရေးသင်တန်း အမှတ်စဉ်(၁)တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများမှ အမှုထမ်း(၃၀)ဦးတို့အား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ပြည်သူ့ဆက်ဆံရေးဘာသာရပ်၊ ရုံးလုပ်ငန်းဘာသာရပ်၊ နိုင်ငံဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ ဝန်ထမ်းကျင့်ဝတ်များနှင့် စာကြည့်တိုက်ဝန်ဆောင်မှု လုပ်ငန်းများအား သက်ဆိုင်ရာတာဝန်ရှိသူများက (၃)ရက်ကြာ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။ ဆက်လက်၍လည်း ဝန်ထမ်းများ စွမ်းဆောင်ရည် မြင့်မားရေးသင်တန်း အမှတ်စဉ်(၂)နှင့် (၃)ကိုလည်း သင်တန်းသား(၃၀)ဦးတို့ဖြင့် ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း သိရသည်။

နိုင်လင်းအောင်