လားရှိုးမြို့နယ်၊ နမ့်ပေါင်ဒေသထွက် ကမ္ဗလာသီးများ ဈေးကောင်းရလျက်ရှိ

လားရှိုး အောက်တိုဘာ ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ဒေသတွင်းစိုက်ပျိုးသည့် နမ့်ပေါင်ဒေသထွက် ကမ္ဗလာသီးများ ယခုရက်ပိုင်းအတွင်း လှိုင်လှိုင်ထွက်ရှိလာပြီး စျေးနှုန်းမှာ ပေါ်ဦးပေါ်ဖျားထွက်သည့် စျေးနှုန်းအတိုင်း စျေးကောင်းရရှိပြီး ရောင်းအားကောင်းမွန်လျက်ရှိကြောင်း သိရသည်။

“အခုရောက်လာတဲ့ကမ္ဗလာသီးတွေက နမ့်ပေါင်ဒေသကထွက်ရှိလာတဲ့ အသီးတွေပါ။ ဒီနှစ် ကမ္ဗလာသီးက လှိုင်လှိုင်ထွက်ရှိလာပေမယ့်လည်း စျေးနှုန်းကတော့ ပေါ်ဦးပေါ်ဖျားထွက်ရှိတဲ့ အချိန်ကအတိုင်းပဲ စျေးကောင်းပါတယ်။ ကျွန်တော်က အခင်းအထိ တစ်ပိဿာကို ငွေကျပ် ၁၃၀၀ နဲ့ဝယ်ယူရပါတယ်။ ပြန်ရောင်းတဲ့အခါမှာတော့ တစ်ပိဿာကို ငွေကျပ် ၁၆၀၀ နဲ့ ပြန်ရောင်းပါတယ်။ ကမ္ဗလာသီးက အရင်နှစ်ကထက် စျေးပိုရတဲ့အတွက် စိုက်ပျိုးတဲ့သူတွေ အဆင်ပြေပါတယ်။ အမြတ်အစွန်းပိုရကြတယ်။ ပြီးခဲ့တဲ့နှစ်က အသီးတွေ လှိုင်လှိုင်ထွက်တဲ့အချိန်က တစ်ပိဿာကို ငွေကျပ် ၁၂၀၀ ပါ တစ်ပိဿာကိုငွေကျပ် ၄၀၀ အထိစျေးပိုရတယ်။ စိုက်ပျိုးသူတွေအနေနဲ့လည်း နှစ်ရှည်သီးနှံဖြစ်တဲ့အတွက်ငွေကုန်ကျမှု မရှိပါဘူး။ တစ်နှစ်ပတ်လုံးမှခြုံနှစ်ခါလောက်ခုတ်တယ်။ ပြီးရင်အပင်ခြေနားမှာကျင်းတူးပြီး နွားချေးနဲ့ သစ်ရွက်အဆွေးတွေနဲ့ ရောမွှေပြီး မြေသြဇာကျွေးတယ်။ နှစ်ရှည်သီးနှံဆိုတော့ ကုန်ကျမှုနည်းပြီး ငွေပိုရတဲ့အတွက် စိုက်ပျိုးသူတွေအတွက် အဆင်ပြေပါတယ်။ အခုကတော့ အသီးတွေက အချိုဓာတ်ကလည်း ပိုရရှိလာတဲ့အတွက် စျေးကွက်မှာ လူကြိုက်များပြီး ရောင်းအားကလည်း ကောင်းပါတယ်။ တစ်ရက်ကို ပိဿာချိန် ၅၀၀၀ နဲ့ ၆၀၀၀ လောက်ကုန်တယ်။” ဟု ကမ္ဗလာသီးစိုက်ပျိုးသူတစ်ဦးက ဆိုသည်။

လားရှိုးဒေသထွက် ကမ္ဗလာသီးများကို သိန္နီမြို့၊ ကွတ်ခိုင်မြို့၊ ဟိုပန်မြို့၊ လောက်ကိုင်မြို့နှင့် မူဆယ်များသို့လည်း တင်ပို့ရောင်းချရကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)