ကျောက်တလုံးကြီးမြို့တွင် လူငယ်ရေးရာအသိပညာပေး စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ကျောက်တလုံးကြီး အောက်တိုဘာ ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် လူငယ်များ အသိပညာတိုးပွားစေရန်၊ စာပေဖတ်ရှု့ခြင်း အလေ့အကျင့်ရရှိစေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့် လူငယ်များအနေဖြင့် ကျောင်းစာများအပြင် ပြင်ပစာပေဗဟုသုတများကို လေ့လာနိုင်ရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေး စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့ နံနက် ၉း၃ဝ က ပြသခဲ့သည်။

အဆိုပါ စာအုပ်စာစောင်ပြပွဲတွင် လူငယ်များ ကြိုက်နှစ်သက်သည့် ပုံပြင်စာအုပ်များ၊ ရုပ်ပြစာအုပ်များ၊ တိုင်းရင်းသားရိုးရာစာအုပ်များ၊ ယဉ်ကျေးလိမ္မာစာအုပ်များကို ပြသထားပြီး နံရံကပ်စာစောင်ပြပွဲ၌ လူသားတိုင်းတွင် အမြင်အမျိုးမျိုးရှိသဖြင့် တစ်ဦးနှင့်တစ်ဦး အကောင်းမြင်စိတ်ရှိတတ်စေရန်၊ ကိုယ်ချင်းစာစိတ်ရှိတတ်စေရန်နှင့် မိမိနိုင်ငံကိုချစ်မြတ်နိုးတတ်စေရန် ကာတွန်းပဒေသာများ စသည့် ဗဟုသုတရဖွယ် အကြောင်းအရာများကို စုံလင်စွာ ခင်းကျင်းပြသထားရာ စာကြည့်တိုက်သို့ လာရောက်ကြသည့် စာဖတ်ပရိသတ်များ၊ ကလေးများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

သန္တာဝင်း(ပြန်/ဆက်)