လွိုင်လင်မြို့တွင် တည်ထားကိုးကွယ်သည့် အနန္တဇိနလောကချမ်းသာစေတီတော်ကြီး ထီးတော်တင်လှူပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းဝေး ပြုလုပ်

လွိုင်လင် အောက်တိုဘာ ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်၊ လွိုင်လင်အရှေ့ကျေးရွာအုပ်စု၊ ထူပါရုံတောရကျောင်းတိုက်၊ အောင်တော်မူကုန်းတော်ပေါ်တွင် တည်ထားကိုးကွယ်သည့် အနန္တဇိနလောကချမ်းသာစေတီတော်ကြီး တည်ဆောက်ပြီးစီး၍ ထီးတော်မင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ ၃ နာရီက ထူပါရုံကျောင်းတိုက် ဓမ္မာရုံတွင် ပြုလုပ်ပါသည်။

အစည်းအဝေးသို့ စေတီတော်တည်ဆောက်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ အလှူရှင် ဘုရားဒါယကာ ဦးတင်ရွှေနှင့် ဒါယိကာမ အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ ဒေါ်နန်းသက်စုလှိုင်ထွန်း မိသားစုများ တက်ရောက်ကြသည်။ ဦးစွာ အစည်းအဝေးကို နမောတဿသုံးကြိမ် ရွတ်ဆို၍ ဖွင့်လှစ်သည်။ ထို့နောက် ဩကာသကန်တော့ချိူဖြင့်ကန်တော့ပြီး ရတနာစည်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ယင်းနောက် ထူပါရုံကျောင်းတိုက်ဆရာတော်၊ ရတနာစည်ကျောင်းတိုက်ဆရာတော်တို့က ဩဝါဒစကားချီးမြှင်ပေးပြီးနောက် စေတီတော် တည်ဆောက်ရေးကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်က ထီးတော်တင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် အ‌စီအမံများ၊ ကော်မတီဖွဲ့စည်းတာဝန်ပေးအပ်မည့် အခြေအနေများကို တင်ပြလျှောက်ထားပါသည်။ ဆက်လက်၍ ဘုရားဒါယကာ ဦးတင်ရွှေက ထီးတော်တင်ပွဲအတွက် ဆရာတော်များပင့်လျှောက်ရေး၊ ဆွမ်းဆက်ကပ်ရေး၊ ဧည့်ပရိတ်သတ်များဧည့်ခံကျွေးမွေးရေးနှင့် အခြားသာသနာရေးဆိုင်ရာကိစ္စများကို လျှောက်ထားရာ ဆရာတော်များက ပြန်လည်ညှိနှိုင်း ဆွေးနွေးကြသည်။ ဆက်လက်၍ အစည်းအဝေးတက်ရောက်လာကြသူများ ဝိုင်ဝန်းအကြံပြုဆွေးနွေးကြကာ အစည်းအဝေးကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်ပြီး ရုတ်သိမ်းလိုက်သည်။

အဆိုပါ အနန္တဇိန‌လောကချမ်းသာစေတီတော်ကြီး ထီးတော်တင်ပွဲကို လာမည့်နိုဝင်ဘာလ တတိယပတ် (တန်ဆောင်မုန်းလဆန်း)တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

လွိုင်လင်မိုး