မိုင်းရယ်မြို့နယ် နောင်လုံကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေဖြင့် ကျေးရွာဘက်စုံသုံးခန်းမ ဆောက်လုပ်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး

မိုင်းရယ် အောက်တိုဘာ ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နောင်လုံကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေ၊ ပြည်သူ့ထည့်ဝင်ငွေတို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် ကျေးရွာဘက်စုံသုံးခန်းမ ဆောက်လုပ်ပြီးစီးမှု အခြေအနေများကို ယမန်နေ့ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင့် သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မိုင်းရယ်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်ဝင်းခိုင်ဦးနှင့် ဝန်ထမ်းများက ကျေးရွာမြစိမ်းရောင်စီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ နောင်လုံကျေးရွာ၌ ကျေးရွာဘက်စုံသုံးခန်းမ တည်ဆောက်ခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဆွေးနွေး မှာကြားကြောင်း သိရသည်။

အဆိုပါကျေးရွာ၌ ကျေးရွာဘက်စုံသုံးခန်းမ အလျား ၅၀ ပေ၊ အကျယ် ၃၀ ပေ၊ အမြင့် ၁၂ ပေ တည်ဆောက်ခြင်းလုပ်ငန်းကို မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေများအနက် ခွင့်ပြုရန်ပုံငွေ ကျပ် ၁၆ ဒသမ ၈ သန်း၊ ကျေးရွာပြည်သူ့ထည့်ဝင်ငွေ ကျပ် ၅ ဒသမ ၀၀ သန်း စုစုပေါင်း ငွေကျပ် ၂၁ ဒသမ ၈၀ သန်းဖြင့် မြို့နယ်ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ နည်းပညာပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူ ကျေးရွာသားများ ကိုယ်တိုင် ဩဂုတ်လ ပထမပတ်မှစ၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)