တာလေမြို့၊ ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်း၌ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ

တာလေ အောက်တိုဘာ ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်း၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဉီးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှဝန်ထမ်းများက ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားပြီး စိတ်ကြိုက်စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပရာ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၀)ဉီးစီ ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ တာဝန်ရှိသူတို့က စာရေးကိရိယာများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲများကို ကျောင်းသား၊ ကျောင်းသူများ ကျောင်းပိတ်ရက်တွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာဗဟုသုတများတိုးပွားရရှိစေရန်၊ ကျောင်းစာအပြင် ပြင်ပစာပေများ လေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဉီးစီးဌာနရှိ ကလေးစာဖတ်ခန်းနှင့် ရင်းနှီးကျွမ်းဝင်မှုရရှိစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)