မင်္ဂလာတောင်ညွန့် အောက်တိုဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် အောက်တိုဘာ ၁၄ နံနက်(၁၁:၀၀)နာရီအချိန်က စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၏ “ခေါင်းဆောင်မှု”စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ချစ်သဲက စာဖတ်ဝိုင်းများပြုလုပ်ခြင်းဖြင့် စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရေး၊ စာဖတ်ဝိုင်းဆောင်ရွက်ခြင်းဖြင့် ပြောဆိုဆွေးနွေးနိုင်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက်ရည်ရွယ်၍ စာဖတ်ဝိုင်းများ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် စာပေချစ်မြတ်နိုးသူများ (Book Club) အသင်းမှ ဒေါ်စန်းကြည်မှ “စည်းရုံးရေးစွမ်းရည်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်အေးသန္တာဦးမှ “စာဖတ်သူနှင့်စာရေးသူ” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာသူများမှ ဆွေးနွေးချက်များအပေါ် ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)