ဇေယျသီရိ အောက်တိုဘာ ၁၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ မိုးသည်းထန်စွာရွာပြီး ပေါင်းလောင်းမြစ်ရေနှင့် ဆင်သေချောင်းရေ မြင့်တက်လာမှုကြောင့် စည်ပင်ကြီးကျေးရွာအုပ်စုမှ ကျေးရွာများအတွင်း ရေများ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ပေါင်းလောင်းမြစ်ရေနှင့် ဆင်သေချောင်းရေမြင့်တက်လာမှုကြောင့် စည်ပင်ကြီးကျေးရွာအုပ်စုမှ စည်ပင်ကြီးကျေးရွာ၊ ချောင်းကမ်းကြီးကျေးရွာနှင့် ညောင်ပင်ကြီးကျေးရွာများတွင် ရေများ ဝင်ရောက်လျက်ရှိပြီး “ခုတော့ ရေကနဲနဲကျသွားပြီး စပြီးရေတွေဝင်တာက အောက်တိုဘာလ ၁၂ ရက်နေ့ကစပြီး မြစ်ရေကော ဆင်သေချောင်းရေပါတက်လာတော့ ရေစပြီးဝင်တာပဲ၊ ၁၄ ရက်နေ့က ပိုတက်လာတယ် ဆင်သေချောင်းက ရေပိုတက်လာလို့ပါ၊ ရေစဝင်တဲ့နေ့ကစပြီး ဌာနဆိုင်ရာတာဝန်ရှိသူတွေရော မြို့နယ်အုပ်ချုပ်ရေးမှူးဆို ခုမနက်ကတည်းကရောက်နေပြီး မြစ်ရေနဲ့ ချောင်းရေအခြေအနေကို ကျွန်တော်တို့နဲ့အတူလာပြီး စောင့်ကြည့်နေတယ်၊ စည်ပင်ကြီးကျေးရွာက အ.ထ.က(ခွဲ)ကျောင်းမှာတော့ အနိမ့်ဆုံးနေရာက လေးပေအထိရေဝင်ရောက်နေတယ်၊ ဒီကကျောင်းသားတွေကိုတော့ အောက်တိုဘာလ ၁၂ ရက်နေ့ ရေစတင်ဝင်ရောက်လာကတည်းက စည်ပင်ကြီးကျေးရွာဘုန်းတော်ကြီးကျောင်းသို့ ခေတ္တပြောင်းရွေ့ပြီး ပညာဆက်လက်သင်ကြားနေပါတယ်၊ ချောင်းကမ်းကြီးရွာကျောင်းလည်းတူတူပဲ ရေဝင်တော့ ဘုန်းကြီးကျောင်းမှာ ပြောင်းရွေ့ပညာသင်ကြားနေပါတယ်၊ ခုလက်ရှိမှာတော့ ရေဝင်ရောက်မှုက အနိမ့်ဆုံးနေရာ လေးပေခန့်ရှိပါတယ်၊ ရေတက်လာပြီး လူနှင့်တိရိစ္ဆာန်တွေ ထိခိုက်မှုမရှိပေမဲ့ စည်ပင်ကြီးကျေးရွာအုပ်စုအတွင်း မိုးစပါးစိုက်ဧက ၈၀၊ ဟင်းသီးဟင်းရွက်စိုက်ဧက ၄၀ ရေဝင်ရောက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့ပါတယ်” ဟု စည်ပင်ကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ပြောပြချက်အရ သိရသည်။
ဇေယျာသီရိမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ပေါင်းလောင်းမြစ်ရေနှင့် ဆင်သေချောင်းရေ မြင့်တက်လာမှုကြောင့် စည်ပင်ကြီးကျေးရွာအုပ်စုအတွင်းရှိ စည်ပင်ကြီးကျေးရွာ၊ ချောင်းကမ်းကြီးကျေးရွာနှင့် ညောင်ပင်ကြီးကျေးရွာတို့တွင် အောက်တိုဘာလ ၁၅ ရက်မွန်းလွဲပိုင်းအချိန်ထိ ရေများ ဝင်ရောက်လျက်ရှိပြီး ဇေယျာသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်နှင့် အဖွဲ့ဝင်မျာ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက မြစ်ရေနှင့် ချောင်းရေမြင့်တက်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေးအတွက် အနီးကပ် စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)