ဟိုပုံး အောက်တိုဘာ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသအားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား (၃)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ(၃)နာရီအချိန်က ဟိုပုံးမြို့မြို့မအားကစားကွင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် စစ်ရေးပြမှူးမှ ဦးဆောင်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးအား အလေးပြုခဲ့ကြပြီးနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက အဖွင့်အမှာစကားပြောကြားရာတွင် ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ပအိုဝ်းဒေသအတွင်းရှိ မြို့နယ်အသင်းများမှ အားကစားသမားများအနေဖြင့် နိုင်ငံတော်မှ အလေးထားဆောင်ရွက်နေသော အမျိုးသားအားကစားမြှင့်တင်ရေးတာဝန်များကို ဦးထိပ်ထားပြီး မြန်မာ့အားကစားအဆင့်အတန်းမြင့်မားရေးကို အမျိုးသားရေးအမြင်ဖြင့် ယှဉ်တွဲပြီး ကြိုးပမ်းဆောင်ရွက်သွားကြရန်၊ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏ အားကစားအဆင့်အတန်းတိုးတက်မြင့်မားရေးကို နိုင်ငံတော်တိုးတက်ဖွံ့ဖြိုးရေးမှာ အရေးပါသည့် အခန်းကဏ္ဍတစ်ရပ်အဖြစ် အလေးထားပြီး ရေတိုရေရှည်စီမံချက်များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုကဲ့သို့ ဘောလုံးပြိုင်ပွဲကျင်းပခြင်းသည် ပအိုဝ်းဒေသအတွင်းမှာရှိသော ရွက်ပုန်းသီမျိုးဆက်သစ် လူငယ်အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း၊ အားကစားသမားများအားလုံးက မိမိမြို့နယ်ဂုဏ်၊ မိမိဒေသဂုဏ်တို့ ထိန်းသိမ်းနိုင်ပြီး အားကစားသမားစိတ်ဓာတ်အပြည့်အဝဖြင့် ယှဉ်ပြိုင်ကစားသွားကြပါလို့ မှာကြားခဲ့ကြောင်း သိရသည်။ ယင်းနောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန်ရွတ်ဆိုပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်သိန်းနိုင်နှင့် အရာရှိကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များက ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက တိုင်းရင်းသားအကအလှများဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်သိန်းနိုင်နှင့် အရာရှိကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ ဒေသခံပြည်သူ ဘောလုံးဝါသနာရှင်များက ဟိုပုံးမြို့(လုံးတန်)ဘောလုံးအသင်းနှင့် ဆီဆိုင်မြို့(လွယ်မွန်း) ဘောလုံး အသင်းယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။ အဆိုပါဘောလုံးပြိုင်ပွဲကို အောက်တိုဘာလ (၁၅)ရက်နေ့မှ အောက်တိုဘာလ (၂၉)ရက်နေ့အထိ အသင်းပေါင်း (၁၂)သင်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဟိုပုံးမြို့နယ်မှ ဘောလုံးအသင်း (၇)သင်း၊ ဆီဆိုင်မြို့နယ်မှ ဘောလုံးအသင်း (၃)သင်းနှင့် ပင်လောင်းမြို့နယ်မှ ဘောလုံးအသင်း(၂)တို့ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)