နောင်ချို အောက်တိုဘာ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အခြေခံပညာ ကျောင်းများရှိ ကျောင်းသား/ကျောင်းသူများအား အာဟာရအဖြစ် နွားနို့နှင့်ကြက်ဥများ တိုက်ကျွေးပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၄) အခြေခံပညာမူလတန်းကျောင်းတွင် တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။
ထိုသို့ အာဟာရနွားနို့နှင့်ကြက်ဥ တိုက်ကျွေးရာတွင် နောင်ချိုမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇော်လွင်နှင့်ဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများ ကိုယ်ခန္ဓာကြံ့ခိုင် ကြီးထွားမှုရှိစေရန်နှင့် အရိုးအဆစ်များသန်မာစေရန် နွားနို့စစ်စစ်သောက်သုံးသင့်ကြောင်းကို အသိပညာပေး ဟောပြောခဲ့ပြီးနောက် မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်ကလေးအသင်းတို့မှ တာဝန်ရှိသူများလိုက်ပါ၍ အမှတ်(၄) အခြေခံပညာမူလတန်းကျောင်းမှ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ(၃၉၀)ဦးအား နွားနို့နှင့်ကြက်ဥများ တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/ကျောင်းသူများ သန့်ရှင်းလတ်ဆတ်ပြီး အာဟာရပြည့်ဝသော နွားနို့သောက်သုံးနိုင်စေရန် ဒေသထွက် နွားနို့စစ်စစ်နှင့်ကြက်ဥ တိုက်ကျွေးခြင်းကို အခြေခံပညာကျောင်းများတွင် ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)