ကျောက်တန်းမြို့ ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ကျောက်တန်း အောင်တိုဘာ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ ၂၀၂၃ခု နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျောက်တန်းမြို့နယ်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ မှော်ဝန်းရတနာခန်းမ၌ ယနေ့နံနက် (၁၀)နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူလေးများက ဇာတိမာန်သီချင်းဖြင့် ဖွင့်လှစ်ခဲ့ကြသည်။ ဆက်လက်၍ ကျောက်တန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်မှ အဖွင့်အမှာစကားပြောကြားကာ ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်တင်တင်ဝေမှ ဆုများချီးမြှင့်ခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဆုများအား ဆက်လက်ချီးမြှင့်ခဲ့ပြီး ဆုရရှိသူများကိုယ်စား ဆုရကျောင်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ကျောက်တန်းမြို့နယ်အနေဖြင့် ၂၀၂၃ခု နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် (၆)သာဂုဏ်ထူးရှင် (၂)ဦး၊ (၅)ဘာသာဂုဏ်ထူးရှင်(၃)၊ (၄)ဘာသာဂုဏ်ထူးရှင် (၁၁)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် (၈)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၂၇)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် (၅၈)ဦးစုစုပေါင်း (၁၀၉)ဦး ထူးချွန်စွာ အောင်မြင်ခဲ့ကြသည်။

အခမ်းအနားကို ကျောက်တန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်နှင့် စီမံအဖွဲ့ဝင်များ၊ ဌာနဆိုင်များမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ ဆုရကျောင်းသား၊ ကျောင်းသူများ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ကျောက်တန်း(ပြန်/ဆက်)