သာကေတမြို့နယ် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့မှ စာဖတ်ဝိုင်းဆွေးနွေး

သာကေတ အောက်တိုဘာ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် မြို့နယ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် စာပေချစ်မြတ်နိုးသူဝါသနာရှင်များ ပူးပေါင်းကာ ယနေ့နေ့လယ် (၁၂)နာရီခွဲအချိန်၌ စာရေးဆရာ မောင်ခင်မင် (ဓနုဖြူ)ရေးသားသည့် အမွေခံတစ်ယောက်အမွေပေးသူတစ်ရာ လူငယ်နှင့်ပညာရပ်ဆိုင်ရာစာစု စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဆောင်းနှင်းဖြူက ​မြို့နယ်စာပေ ချစ်မြတ်နိုးသူအသင်းမှ လစဥ်ဆွေးနွေးကြသည့် စာပေဆွေးနွေးမှုစာဖတ်ဝိုင်း၏ ရည်ရွယ်ချက်၊ အားနည်းချက်နှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဥ်များအား ဆွေးနွေးခဲ့သည်။   ဆက်လက်ပြီး  မြို့နယ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာသန်းထိုက်၊ ဒုဥက္ကဋ္ဌ စာရေးဆရာမ နန်းဟင်းပြင်း မြို့နယ်လူငယ်များအသင်း (Youth Club)နာယက ဆရာမြစိန်၊ ကိုယ်ပိုင်အတွေး စာပေအဖွဲ့တည်ထောင်သူ ဆရာမင်းအောင် (သျှိသျှားမြေ)တို့မှ အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ စာအုပ်မှပါဝင်သည့် လူငယ်တွေအတွက် လူကြီးတွေပြင်ဆင်သင့်တဲ့အရာများ ဆောင်းပါးခေါင်းစဥ် အပါအဝင် စာဖတ်သူစိတ်ထဲ ကျန်ရစ်မှတ်သားစေသည့်ဆောင်းပါး ခေါင်းစဥ် (၄၅)ပုဒ်အား ခြုံငုံသုံးသပ်ဆွေးနွေးခဲ့ကြသည်။

ဆက်လက်ပြီး တက်ရောက်လာကြသည့် စာပေချစ်မြတ်နိုးသူ ဆရာ၊ ဆရာမများမှ မျိုးဆက်သစ် လူငယ်တစ်ဦးချင်းစီ၏ဘဝခရီးလမ်းတွင် တင့်တင့်တယ်တယ်လျှောက်လှမ်းနိုင်ရန် ပညာအမွေ၊ စိတ်ဓာတ်အမွေများ၊ ပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်အောင် နေထိုင်ဆက်ဆံတတ်သည်အထိ ဘက်စုံပျိုးထောင်ပေးခဲ့သည့် လူကြီးများမှ လူငယ်တွေအတွက် ပြင်ဆင်သင့်သည့်အရာများ၊ မျိုးဆက်သစ် လူငယ်၊ လူရွယ်များအား အိမ်ပျက်ကြီးကို အမွေပေးသူထက် အိမ်ကောင်းကြီးကို အမွေပေးသူဖြစ်ရန် အမွေပေးသူ၊ လက်ခံသူများအကြား စေတနာ၊ ခံယူချက်၊ သဘောထား၊ ကျင့်သုံးဆောင်ရွက်မှုအား ထုတ်လုပ်ဆောင်မှုများနှင့် ပတ်သက်၍ လူမှုပတ်ဝန်းကျင်၌ တွေ့ကြုံမှုများနှင့် နှိုင်းယှဥ်ကာဆွေးနွေးခဲ့ကြသည်။

ထို့နောက် သာကေတမြို့နယ် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) မှစာပေကဏ္ဍ လှုပ်ရှားမှု အထောက်အကူပြု ရန်ပုံငွေအဖြစ် ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)မှ အလှူငွေကျပ် ၁၀၀၀၀၀/- (ကျပ်တစ်သိန်းတိတိ) အားလည်းကောင်း၊ ကိုယ်ပိုင်အတွေးစာပေ အဖွဲ့တည်ထောင်သူ ဆရာမင်းအောင် (သျှိသျှားမြေ)မှ မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်အတွက် သုတ၊ ရသစာအုပ်များအား လှူဒါန်းခဲ့ရာ တာဝန်ရှိသူများအား လက်ခံရယူပြီး စာဖတ်ဝိုင်းဆွေးနွေးပွဲအား ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)