ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ သီတင်းကျွတ်ရုံးပိတ်ရက် ကျောင်းပိတ်ရက်များတွင် ဟိုတယ် (၈၁)လုံး ကြိုတင်ချိတ်ဆက်၍ အခန်းယူထားကာ ဟိုတယ်များ ပြည့်နေပြီဖြစ်

ညောင်ဦး အောက်တိုဘာ ၁၅

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာရောက်သူများ များပြားလျက်ရှိရာ သီတင်းကျွတ်ကာလ ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်များတွင် ပုဂံဒေသသို့ ဘုရားဖူးလာရောက်ကြရန်  ဟိုတယ်၊ မိုတယ်များ ကြိုတင်ချိန်ဆက် အခန်းယူမှုများပြားလျက်ရှိရာ အောက်တိုဘာ ၂၇ ရက်နေ့မှ စတင်ကာ ဟိုတယ်၊ မိုတယ်များ ပြည့်နေပြီဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ (ပုဂံရုံးခွဲ) တာဝန်ရှိသူများထံက သိရသည်။

သီတင်းကျွတ်ကာလ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ မြန်မာပြည်အရပ်ရပ်မှ ခရီးသွား ဘုရားဖူး လေ့လာရေးလာရောက်သူများ၊ များပြားလျက်ရှိရာ သီတင်းကျွတ်အချိန် မိဘဘိုးဘွားများ၊ ဆွေမျိုးမိတ်ဆွေများထံပြန်၍ ကန်တော့ကြရင်း ဘုရားဖူးလာ ရောက်ကြကြောင်း၊ ပုဂံဘုရားများဖူးရန် ရည်ရွယ်ထားသူများသည် အောက်တိုဘာ ပထမပတ်ထဲက ဟိုတယ်/မိုတယ်/တည်းခိုရိပ်သာများသို့ အွန်လိုင်းမှတစ်ဆင့် ကြိုတင်  ချိတ်ဆက်ထားကြကြောင်း သိရသည်။ သီတင်းကျွတ်ရုံးပိတ်ရက်/ကျောင်းပိတ်ရက်များတွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့  ကြိုတင်လာရောက်လေ့ရှိကြပြီး ပုဂံဒေသရှိ သမိုင်းဝင် အထင်ကရဘုရားများကို ဖူးမြှော်ခြင်း၊ နံရံဆေးရေးပန်းချီများ လေ့လာခြင်း၊ အလှဓာတ်ပုံ ရိုက်ကူးခြင်း၊ လက်ဆွဲပန်းချီ ဆွဲကြခြင်းများ ပြုလုပ်ကြကြောင်း၊ အချို့ဘုရားဖူးများက မြင်းလှည်းစီးခြင်း၊ E-Bike အဖွဲ့လိုက်ငှားစီးခြင်းများ ပြုလုပ်ကြကြောင်း၊ သီတင်းကျွတ် ရုံးပိတ်ရက်ကာလအတွင်း ဘုရားဖူး တစ်ရက်ငါးသောင်းကျော်ခန့်မှ တစ်သိန်းခွဲကျော်ထိ လာရောက်လေ့ရှိရာ ပုဂံ-ညောင်ဦးတွင်ဖွင့်လှစ်ထားရှိသည့် ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများ အောက်တိုဘာ ၂၇ ရက်မှ ၂၉  ရက်ထိ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း (၈၁)လုံး ကြိုတင် ချိတ်ဆက်မှာ ယူထားပြီးဖြစ်ရာ ပြန်လည်ဖွင့်လှစ်ထားသည့် ဟိုတယ်အားလုံးပြည့်နေပြီ ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ)တာဝန်ရှိသူများက ပြောကြားသည်။ သီတင်းကျွတ်ကာလအတွင်း ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ မြန်မာပြည် ဤရပ်ရပ်မှ ဘုရားဖူးလာ ရောက်သူများပြားခြင်းများနှင့်အတူ စားသောက်ဆိုင်များ၊ ဧည့်ကားအငှားလိုက်သူများ၊ မြင်းလှည်း၊ e-bike ၊ စက်လှေအငှားလိုက်သူများ၊ လက်အလှပန်းချီ ဆွဲသူများ၊ သစ်ရွက်ပုံ သနပ်ခါးလိမ်းခြယ်ပေးသူများ ပြည်တွင်းဧည့်လမ်းညွှန်များ အလုပ်အကိုင်များ အမြဲအဆင်ပြေလေ့ရှိကြောင်း သိရသည်။

ဒီပါလင်း