အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး နှီးနှောဖလှယ်ပွဲ ကျင်းပ

ရန်ကုန် အောက်တိုဘာ ၁၅

အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုဖြစ်ရခြင်းအများစုမှာ အလုပ်ရပ်နားခံရမှု၊ အုပ်ချုပ်သူနှင့် အလုပ်သမားအကြား လုပ်ငန်းခွင်ဆက်ဆံရေးမပြေလည်မှု၊ လစဉ်ကြေး၊ ရက်မှန်ကြေး တောင်းဆိုမှု၊ စက်ရုံပိတ်သိမ်းမှု၊ အင်အားလျော့ချခံရမှု စသည်တို့ကြောင့် အငြင်းပွားမှုများ အဖြစ်များခြင်း ဖြစ်သည်။

၂၀၂၃ခုနှစ် အောက်တိုဘာလ (၁၄)ရက်နေ့တွင် အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ကုန်သည်စက်မှုအသင်းချုပ် မင်္ဂလာခန်းမ၌ ကျင်းပခဲ့ရာ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်း၊ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ခုံသမာဓိကောင်စီဝင်များ မြို့နယ် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးမြင့်နောင်က “အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုများတွင် တွေ့ကြုံနေရတဲ့ အခက်အခဲများကို ဥပဒေနှင့်အညီ ထိရောက်စွာ ဖြေရှင်းနိုင်ရန်နည်းလမ်းကောင်းများ၊ ရလဒ်ကောင်းများရရှိဖို့အတွက် ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခြင်းဖြစ်ပါတယ်၊ လုပ်ငန်းခွင်ဆက်ဆံရေး ကောင်းမွန်လာဖို့အတွက်    အလုပ်သမားရေးရာနဲ့ ပတ်သက်ပြီး အခက်အခဲများ၊ လိုအပ်ချက်များ ဖြစ်ပေါ်လာပါက လုပ်ငန်းခွင်အတွင်းမှာ အလုပ်ရှင် အလုပ်သမား ကနဦး ဆွေးနွေး၍ ပြေလည်မှုရရှိသွားတာဟာ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်၊ အလုပ်ရှင် အလုပ်သမား ဆက်ဆံရေးကောင်းမွန်ခြင်းက နှစ်ဦးနှစ်ဖက် အကျိုးကျေးဇူးများ ရရှိနိုင်ပါတယ်၊  အကယ်၍ ပြေလည်မှုမရရှိပါက သက်ဆိုင်ရာ မြို့နယ်မှာရှိသည့် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့များတွင် တိုင်ကြားနိုင်ပါတယ်၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုရောက်ရှိလာခြင်းဖြင့် နိုင်ငံအတွင်း အလုပ်အကိုင်အခွင့်အလမ်းများ များပြားလာနိုင်ပြီး အလုပ်လက်မဲ့ဦးရေကို လျော့ချနိုင်မှာ ဖြစ်ပါတယ်၊ အငြင်းပွားမှုများ ဖြစ်ပေါ်လာပါက ဥပဒေနဲ့အညီ ဖြေရှင်းဆောင်ရွက်ဖို့ လိုပါတယ်၊ အလုပ်သမားရေးရာ အငြင်းပွားမှုဥပဒေကို အကောင်အထည်ဖော်ရာတွင် တွေ့ကြုံရသည့် အားသာချက်၊ အားနည်းချက်၊ အခက်အခဲများကို လေ့လာပြီးတော့မှ လက်တွေ့အခြေအနေနှင့် ကိုက်ညီမှုရှိစေရေး၊ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များ ပါဝင်တဲ့ ခုံသမာဓိအဖွဲ့၊ ခုံသမာဓိကောင်စီတို့နဲ့ မြေပြင်မှာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသူများထံ   အကြံပြုချက်များ တောင်းခံ၍ ဆောင်ရွက်ထားခြင်းဖြစ်ပါတယ် ''ဟု ပြောကြားခဲ့သည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းက ''ယနေ့ပွဲက အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုများကို ဥပဒေနှင့်အညီ ဆောင်ရွက်နေကြတဲ့ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့၊ ခုံသမာဓိကောင်စီအဖွဲ့တွေက ဖြေရှင်းခဲ့ကြတဲ့ အငြင်းပွားမှုများတွင်  မိမိတို့ရဲ့အတွေ့အကြုံ၊ ဗဟုသုတတွေကို အပြန်အလှန်ပေါင်းစပ် ဖလှယ်ခြင်းအားဖြင့် နောင်ကြုံလာရမဲ့ အငြင်းပွားမှုများ ဖြေရှင်းတဲ့အခါ အများကြီး အထောက်အကူပြုမှာဖြစ်ပါတယ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် စက်ရုံ၊ အလုပ်ရုံ (၇,၂၆၈)ရုံ၊ အလုပ်သမားဦးရေ ၇သိန်းနီးပါး အင်အားရှိပါတယ်၊ လုပ်ငန်းခွင် ဆက်ဆံရေးမပြေလည်မှု၊ စက်ရုံပိတ်သိမ်းခြင်း၊ အလုပ်ထုတ်ပယ်ခြင်းတို့ကြောင့် အငြင်းပွားမှုများ ဖြစ်ပေါ်လျက်ရှိပါတယ်၊ ရန်ကုန်တိုင်းရှိ (ကိုကိုးကျွန်းမှအပ) မြို့နယ် ၄၄ မြို့နယ်တွင် ၂၀၂၃ခုနှစ်  ဇန်နဝါရီမှ စက်တင်ဘာလအထိ အငြင်းပွားမှုပေါင်း (၁၅၀) ကို ညှိနှိုင်းဖျန်ဖြေပေးခဲ့ပြီး ဖြစ်ပါတယ်၊ ကျပ်သန်းပေါင်း ၁၄၈.၃သန်း၊ အမေရိကန်ဒေါ်လာ (၄၈,၀၀၀) နဲ့ အလုပ်သမားဦးရေ (၃၆၃)ဦးကို ခံစားခွင့်ရရှိစေခဲ့ပါတယ်၊ ပြည့်စုံကောင်းမွန်တဲ့လုပ်ငန်းခွင်ဖြစ်စေဖို့ အလုပ်ရှင်- အလုပ်သမားအကြား မ​ပြေလည်မှု၊ နစ်နာမှုများရှိပါက ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ကြပါ၊ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့တွေကလည်း အလုပ်ရှင်- အလုပ်သမားများ အားထားရတဲ့ အဖွဲ့များဖြစ်အောင် ကြိုးစားပေးကြပါ၊ ဥပဒေနှင့်အညီ ဆောင်ရွက်ပေးခြင်းဖြင့် အငြင်းပွားမှုများ လျော့နည်းအောင် ဆောင်ရွက်ပေးကြပါ'' ဟု ပြောကြားခဲ့သည်။

အငြင်းပွားမှုတွင် အခွင့်အရေးဆိုင်ရာအငြင်းပွားမှုနှင့် အကျိုးစီးပွားဆိုင်ရာ အငြင်းပွားမှုဟူ၍ အမျိုးအစားနှစ်မျိုးရှိသည်။ အခွင့်အရေးဆိုင်ရာ အငြင်းပွားမှု ပေါ်ပေါက်လာပါက သက်ဆိုင်ရာ မြို့နယ်ဦးစီးဌာနများက တည်ဆဲအလုပ်သမားဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပြီး အကျိုးစီးပွား အငြင်းပွားမှုကို မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့က ဖျန်ဖြေပေးမှာဖြစ်ပြီး ပြေလည်မှုမရှိသော ကိစ္စရပ်များကို ခုံသမာဓိကောင်စီ၏ ဆုံးဖြတ်ချက်ကို ခံယူကြရသည်။ ခုံသမာဓိကောင်စီက အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းခြင်းတွင် နောက်ဆုံးအဆင့် ဖြစ်သည်။ ကျေနပ်မှုမရှိပါက နိုင်ငံသားတစ်ဦး၏ အခွင့်အရေးအရ ပြည်ထောင်စု တရားလွှတ်တော်ချုပ်တွင် လျှောက်ထားခွင့်ရှိကြောင်း သိရှိရသည်။

ဆက်လက်၍ အလုပ်သမားရေးရာအငြင်းပွားမှုများ စစ်ဆေးဆုံးဖြတ်ရာတွင် တွေ့ကြုံရသည့် အားနည်းချက်၊ အားသာချက်များ၊ အလုပ်သမားအဖွဲ့အစည်းအဖြစ် မှတ်ပုံတင်လျှောက်ထားမှု၊ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် (EC) ချုပ်ဆိုဆောင်ရွက်မှုတွင် တွေ့ကြုံရသည့် အခက်အခဲနှင့် စိန်ခေါ်မှုများ၊ ထည့်ဝင်ကြေးများနှင့် လူမှုဖူလုံရေး အကျိုးခံစားခွင့်များ၊ အခကြေးငွေကိစ္စရပ်များ၊ အချိန်ပိုနှင့် အလုပ်ချိန်ဆိုင်ရာ စသည်တို့ကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)