ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ သီတင်းကျွတ်အကြို အသေးစားစက်မှုလက်မှု ထုတ်ကုန်ပစ္စည်းပြပွဲနှင့်ဈေးရောင်းပွဲ ကြည့်ရှုအားပေး၊ ပန်းအလှဆင် စိုက်ပျိုးနေမှုမျာအား ကြည့်ရှုစစ်ဆေး

ရန်ကုန်   အောက်တိုဘာ    ၁၅

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး ချုပ်နှင့် တိုင်းဒေသကြီး ဝန်ကြီးများသည် ယမန်နေ့ နံနက်ပိုင်းက မြောက်ဥက္ကလာပမြို့နယ်၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီးဝန်းအတွင်းရှိ သီတင်းကျွတ်အကြို အသေးစား စက်မှုလက်မှုထုတ်ကုန်ပစ္စည်းပြပွဲနှင့် ဈေးရောင်းပွဲအား သွားရောက်၍ ကြည့်ရှုအားပေးသည်။

ဦးစွာ ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများနဲ့ ထုတ်ကုန်များကို ပြည်သူများ ပိုမိုသိရှိလာစေရန်၊ အသေးစားစက်မှုလက်မှု ထုတ်ကုန်များကို အရည်အသွေး ပိုမိုကောင်းမွန်အောင် ထုတ်လုပ်လာနိုင်စေခြင်းဖြင့် သွင်းကုန်အစားထိုးပစ္စည်းများကို ပြည်သူများ သုံးစွဲ လာနိုင်စေရန်၊ အသေးစားလက်မှုထည်များ ထုတ်လုပ်လာနိုင်စေခြင်းဖြင့် အလုပ်ကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်နှင့် ဝင်ငွေများ တိုးပွားလာစေရန်၊စံချိန်စံညွှန်းမီ ထုတ်ကုန်များ၊အမယ်သစ်များ ပေါ်ထွက်လာစေရန်၊ တစ်ပိုင်တစ်နိုင်အသေးစား လုပ်ငန်းငယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်ပြီး သီတင်းကျွတ်အကြို အသေးစား စက်မှုလက်မှု ထုတ်ကုန်ပစ္စည်း ပြပွဲနှင့် ဈေးရောင်းပွဲ(ရန်ကုန်)ကို ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သီတင်းကျွတ်အကြို အသေးစားစက်မှု လက်မှုထုတ်ကုန်ပစ္စည်း ပြပွဲ၊ဈေးရောင်းပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ ခင်းကျင်းပြသ ရောင်းချနေသည့် ဆိုင်ခန်းများကို လှည့်လည်ကြည့်ရှုအားပေးရာ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းဦးစီးမှူး ညွှန်ကြားရေးမှူး ဦးသက်နိုင်ဦးက လိုက်လံရှင်းလင်းပြသသည်။

အဆိုပါ  သီတင်းကျွတ်အကြို အသေးစားစက်မှုလက်မှုထုတ်ကုန်ပစ္စည်းပြပွဲနှင့်ဈေးရောင်းပွဲကို ဆိုင်ခန်းပေါင်း(၇၄)ခန်းဖြင့် အောက်တိုဘာ(၁၄)ရက်နေ့မှ (၁၆)ရက်နေ့အထိ ခင်းကျင်းပြသ ရောင်းချသွားမည်ဖြစ်သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်အတွင်းရှိ ပျိုးဥယျာဉ်တွင် စိုက်ပျိုးထားရှိသည့် ရာသီပန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ရွှေတိဂုံဘုရား အနောက်မုတ်သို့ တက်ရောက်သည့် လျှောက်လမ်းတစ်လျှောက် လမ်းဘေးဝဲ/ယာတွင် ပန်းအလှဆင် စိုက်ပျိုးနေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)