ကျောက်ဆည်မြို့နယ်တွင် ရာသီအလိုက် ဟင်းသီးဟင်းရွက်မျိုးစုံ တစ်ပိုင်တစ်နိုင်စိုက်ပျိုး ရောင်းချလျက်ရှိ

ကျောက်ဆည်  အောက်တိုဘာ  ၁၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ရန်ပုံနှစ်ကျေးရွာမှ တောင်သူများသည် ရာသီအလိုက် ဟင်းသီးဟင်းရွက်မျိုးစုံ တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားရှိမှုကြောင့်  နေ့စဉ်ခွတ်ဆူးရောင်းချရကာ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

သီးနှံစိုက်ပျိုးရောင်းချခြင်းများနှင့်ပတ်သတ်၍ ဆလပ်တွန့်၊ တာချီဆန်၊ အိုးမုံညှင်း၊ ဆူးပန်း၊ နံနံ၊ ချဉ်ပေါင်၊ ပင်စိမ်း၊ တောင်အော်၊ ကန်စွန်း၊ ကြက်သွန်မိတ်၊ ခရမ်း၊ မုံလာဉ၊ မုန်ညှင်းခါး၊ ဘူး၊ ဆူးပုတ်ကြီး၊ စပါးလင်စတဲ့ ဟင်းသီးဟင်းရွက်အပင်များ စိုက်ပျိုးထားရှိကြောင်း၊ သီနှံများအောင်မြင် ဖြစ်ထွန်းရေးနှင့် စားသုံးသူများ ဓာတုဓာတ်ကြွင်းကင်းလွတ်ရေး၊ သွင်းအားစုကျန်ကျစရိတ် သက်သာစေရေးအတွက် သီးနှံများတွင်လိုအပ်သည့် Super ဘိုကာရှီ၊ EM ဘိုကာရှီ သဘာဝမြေဆွေးမြေဩဇာ၊ ငါးအပိုင်နိုအက်စစ် သဘာဝအပင်အားတိုးဆေး၊ ဆေးရွက်ကြီး၊ ငရုတ်သီးတို့နှင့်ပြုလုပ်သည့် သဘာဝပိုးနှင်ဆေး၊ EM-5 သဘာဝမှိုဆေးတွေ ကိုယ်တိုင်ပြုလုပ်ပြီး သီးနှံစိုက်ခင်းများတွင်သုံးစွဲကြောင်း တောင်သူတစ်ဦးကပြောပြသည်။

အဆိုပါဟင်းသီးဟင်းရွက်များကို ကျောက်ဆည်မြို့ အေးမြကြည်လင်ဈေးတွင် လက်လီ/လက်ကား ရောင်းချလျက်ရှိသကဲ့သို့ နယ်လှည့်ရောင်းချသည့်ဈေးသည်များကိုလည်း ဖောက်သည်ဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း၊ ရာသီအလိုက် ဟင်းသီး၊ဟင်းရွက်မျိုးစုံ စိုက်ပျိုးထားရှိကြောင်း တောင်သူ ဦးမြင့်မောင်က ပြောပြသည်။

သက်မောင်(ကျောက်ဆည်)