နေပြည်တော် အောက်တိုဘာ ၁၄
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်(ခုတင်-၁၀၀၀) ပြည်သူ့ ဆေးရုံးကြီးအတွင်း၊ အပြင်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေး အဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများ၊ သူနာပြုများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်း အဖွဲ့များက ပတ်ဝန်းကျင်သန်ရှင်သာယာရေး၊ သစ်ပင်များ၊ ချုံနွယ်များ၊ ပေါင်းမြက်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးတို့အတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ယနေ့နံနက် (၇)နာရီ အချိန်ခန့်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ ပုဇွန်ဆိပ်ကျေးရွာအုပ်စု၊ ကျွန်းတောကြီးကျေးရွာအရှေ့ဘက် ပုဇွန်ဆိပ်ကျေးရွာနှင့် ကျွန်းတောကြီး ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ကျွန်းတောတောင်ကျချောင်းအနီး ဦးဌေးဦး၏(၃) ပင်ပတ်လည်၊ သွပ်မိုး၊ ဝါးထရံကာနေအိမ်နှင့် ဒေါ်ပြိုအေး၏ (၃)ပင်ပတ်လည်၊ သွပ်မိုး၊ ဝါးထရံကာ နေအိမ်များအား ရုတ်တရက် တောင်ကျချောင်းရေတိုက်စားပြီး ဦးဌေးဦး ၏ ဇနီးဖြစ်သူ ဒေါ်ဝင်း (၄၀)နှစ်နှင့် သမီးဖြစ်သူ မရတီဖြိုး(၈)နှစ်တို့ တောင်ကျချောင်းရေနှင့်အတူ မျောပါသွားသည့် နေရာသို့ သွားရောက်၍ မြို့နယ်အတွင်းစု ဖွဲ့ထားသော အရေးပေါ်ရှာဖွေကယ်ဆယ်ရေး အဖွဲ့များ၊ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပုဇွန်ဆိပ်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသားများမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအားကြည့်ရှုပြီး သဘာဝဘေးဒဏ်ခံစားခဲ့ရသည့် ဒေသခံပြည်သူများအား အားပေးစကား ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများက နေပြည်တော် ကောင်စီမှ ထောက်ပံ့ငွေကျပ် (၅)သိန်းနှင့် ဆန်အိတ်(၃)အိတ်နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် ငွေကျပ်(၈၀၄၂၀၀)၊ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ ပုံး(၂)ပုံး၊ အသက်ကယ်အင်္ကျီ လူကြီးဝတ် အထည်(၂၀)ထည်နှင့် ကလေးဝတ်အထည်(၁၀)ထည်၊ အသက်ကယ်ကြိုး (၁၅)ချောင်းနှင့် ဆပ်ပြာတောင့် (၁၅၀)တောင့် တို့အား ထောက်ပံ့ပေးအပ်ခဲ့ရာ ကျေးရွာတာဝန်ရှိသူများက လက်ခံရယူသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် တပ်ကုန်းမြို့နယ်၊ ဆင်သေရေလွှဲဆည်သို့ ရောက်ရှိပြီး ဆင်သေရေလွှဲဆည်အတွင်း ရေဝင်ရောက်မှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ဆည်၏ကြံ့ခိုင်မှုအခြေအနေနှင့် ဆည်အတွင်းရေဝင်ရောက်မှုအခြေအနေများကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ရေလွှဲဆည်ကြံ့ခိုင်ရေး၊ ရေစီးရေလာကောင်းမွန်ရေးတို့ကို အထူးအလေးထား ဆောင်ရွက်ရန်နှင့် လိုအပ်သည်များကို မှာကြားသည်။
အဆိုပါ ဆင်သေရေလွှဲဆည်အနေဖြင့် ပုံမှန်အနက်ပေ (၂၀)ရှိရမည်ဖြစ်ပြီး ဆည်၏ ဒီဇိုင်းပြု ရေထုထည် စီးနှုန်းသည် တစ်စက္ကန့်လျှင် ၆၈၁၂၉ ကုဗပေ ရေစီးဆင်းနိုင်ပြီး ယခုအချိန်တွင် တစ်စက္ကန့်လျှင် ၂၅၀၀ ကုဗပေခန့်သာ စီးဆင်နေသဖြင့် အန္တရာယ်မရှိကြောင်းနှင့် စိုးရိမ်စရာမရှိကြောင်း သိရသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် တပ်ကုန်းမြို့နယ်၊ မကျီးပင် ကျေးရွာအုပ်စု၊ ရေတွင်းဖြူကျေးရွာရှိ ရွှေဟိန်း အဆင့်မြင့်ဆန်စက်သို့ ရောက်ရှိရာ ဆန်စက်မှ တာဝန်ရှိသူများက ဆန်စပါးများကြိတ်ခွဲနေမှုအခြေအနေနှင့် စပါး၊ ပြောင်း အခြောက်ခံစက်ဖြင့် လုပ်ငန်း များ ဆောင်ရွက် နေမှုများ၊ ထုတ်ကုန်များ ဖြန့်ဖြူးရောင်းချနေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက ကုန်ထုတ်စွမ်းအားမြင့်မားစေရေး၊ စက်စွမ်းအား ပြည့််လည်ပတ်နိုင်ရေးနှင့် လိုအပ်သည်များကို မှာကြားပြီး စက်ရုံအတွင်း လှည့်လည့်ကြည့်ရှုသည်။
ထိုမှတစ်ဆင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် မွန်းလွဲပိုင်းတွင် တပ်ကုန်းမြို့နယ်၊ ဘုရင့်နောင်ရပ်ကွက်(ပိန်းတော)အနီး နဝင်ချောင်း ရေစီးဆင်းနေမှုကို သွားရောက်ကြည့်ရှုပြီး ရေစီးရေလာ ကောင်မွန်စေရေး၊ ချောင်းပတ်ဝန်းကျင်အမှိုက်များ၊ ခြုံနွယ်များအား ရှင်းလင်းစေရေး၊ ပြည်သူလူထု ဘေးအန္တရာယ်ကင်းရှင်းစေရေး ဂရုပြုဆောင်ရွက်ကြစေလိုကြောင်း တာဝန်ရှိသူများအား မှာကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ်၊ သီရိမင်္ဂလာ ဝဲကြီး ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တအာဒိစ္စဝံသ မဟာထေရ်မြတ်အား သွားရောက်ဖူးမြော်ကြည်ညို၍ ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)