တပ်ကုန်းမြို့နယ် နဝင်းချောင်းရေလျှံမှုကြောင့် အနော်ရထာရပ်ကွက်အတွင်း ရေများဝင်ရောက်

တပ်ကုန်း အောက်တိုဘာ ၁၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ယမန်နေ့ ညနေ ၃ နာရီအချိန်က နဝင်းချောင်းရေလျှံမှုကြောင့် အနော်ရထာရပ်ကွက်၊ နယ်မြေကိုးခုရှိ မဟာဗောဓိကျောင်း၊ ယင်းမာပင်ကျောင်း၊ အောင်သုခကျောင်း၊ ကျောင်းသစ်ကျောင်း၊ မင်းကျောင်း၊ ရေလည်ကွေ့ကျောင်းတိုက်တို့တွင် ရေများဝင်ရောက်ခြင်း၊  ယင်းမာပင်ကျောင်းတိုက်အနောက်ဘက် ကာရံထားသည့် အုတ်တံတိုင်း ၁၃ ခန်း ရေတိုက်စား၍လဲကျခြင်းများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

အဆိုပါ ရေများဝင်ရောက်မှုကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်နှင့်ရပ်မိရပ်ဖများ၊ နယ်မြေမှူးများ၊ အရန်မီးသတ်များတွေ့ဆုံ၍ ရပ်ကွက်အတွင်း ရေဝင်မှုကြောင့် အချိန်နှင့်တစ်ပြေးညီကယ်ဆယ်နိုင်ရေး ရှာဖွေကယ်ဆယ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာနယ်မြေမှူးများအား နယ်မြေတစ်ခုလျှင် ငါးဦးနှုန်း နယ်မြေအလိုက်ဖွဲ့စည်း၍ နောင်သင်္ခါ အလယ်တန်းကျောင်းနှင့် ရွာသစ်အလယ်တန်းကျောင်းတို့တွင် နေရာချထားရေးကြိုတင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တင်စိုးလွင်