ကျိုက်ထို အောက်တိုဘာ ၁၅
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆံတော်ရှင်ကျိုက်ထီးရိုးဘုရားပွဲတော် ဖွင့်ပွဲအားသီတင်းကျွတ်လပြည့်နေ့တွင် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရန် ကျိုက်ထီးရိုးဘုရားသို့ပို့ဆောင်ပေးမည့် တောင်တက်မော်တော်ယာဉ်များ ကြံ့ခိုင်မှု ရှိ၊ မရှိ စစ်ဆေးမှုကို ယမန်နေ့နံနက် ၇ နာရီအချိန်က ဘုရားသုံးဆူထိုင်တော်မူဘုရား တောင်ခြေ၌ပြုလုပ်ခဲ့သည်။
ယင်းသို့ပြုလုပ်ရာတွင် အမှတ်(၄၄) ခြေမြန်တပ်မဌာနချုပ် ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး ထင်လင်းအောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်နိုင်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းစိုးနှင့် တောင်တက်မော်တော်ယာဉ်အသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်နှင့်အဖွဲ့ဝင်များမှ တွေ့ဆုံညှိနှိုင်းပြီး ဘုရားဖူးပြည်သူများအန္တရာယ် ကင်းရှင်းစွာဖြင့် စိတ်ချမ်းသာစွာဖူးမြော်နိုင်ရန် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ယာဉ်ကြံ့ခိုင်မှုစစ်ဆေးခြင်းကို ကုန်လမ်းပို့ဆောင်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနမှတာဝန်ရှိသူများ၊ ယာဉ်လုပ်ငန်းထိန်းသိမ်းကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်ဝင်းမောင်၊ သထုံခရိုင် အမှတ် (၇၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ရဲအုပ်သက်နေလင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ဇော်ဇော်၊ မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ရဲအုပ်ထွန်းလွင်ဦးတို့က တောင်တက်မော်တော်ယာဉ် (၁၅၀) စီးအား စတီယာတိုင်၊ အင်ဂျင်ပါဝါ၊ တာယာ၊ ရှေ့မီး၊ နောက်မီး၊ ဘရိတ်မီး၊ မော်တော်ယာဉ်ကြမ်းခင်း၊ ခရီးသည်များ သက်တောင့်သက်သာထိုင်စီးနိုင်ရန် ထိုင်ခုံများအား အသေးစိတ်စစ်ဆေးခဲ့ကြောင်း သိရသည်။
ဝင်းမောင်(ကျိုက်ထို)