မောင်တော အောက်တိုဘာ ၁၅
ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ် အသိပညာပေးနှိုးဆော်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ယမန်နေ့ညနေ ၄ နာရီအချိန်ခန့် မြို့ပေါ်ရပ်ကွက်များအတွင်း လိုက်လံနှိုးဆော်ခဲ့ကြသည်။
ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးအောင်နိုင်ဖြိုး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက မိဘပြည်သူများ၊ လုပ်ငန်းရှင်များ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများအနေဖြင့် မိမိတို့နေထိုင်ရာ ဌာနဆိုင်ရာ/ရုံးနှင့် နေအိမ်အဆောက်အဉီများတွင် မီးဘေးလုံခြုံရေးအတွက် မီးသတ်ဦးစီးဌာနမှ ချမှတ်ထားသော စည်းကမ်းချက်များနှင့် လိုက်နာဆောင်ရွက်ထားရှိကြရန်နှင့် မော်တော်ယာဉ်များ၊ စက်သုံးဆီဆိုင်များ၊ ဟိုတယ်များ၊ တည်းခိုရိပ်သာများ၊ ဌာနဆိုင်ရာရုံးအဆောက်အဦများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ပုဂ္ဂလိကရုံးများ၌ မီးဘေးကြိုတင်ကာကွယ်ရန် ထားရှိအပ်သော ရှေးဦးမီးငြိမ်းသတ်ရေးပစ္စည်းများဖြစ်သည့် မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံး၊ မီးသတ်ဆေးဘူးများ၊ တပ်ဆင်ထားရှိကြရန်လိုကြောင်း၊ မိမိတို့အဆောက်အဦများအတွင်း တပ်ဆင်ထားသော လျှပ်စစ်ဝါယာကြိုးများ ဟောင်းနွမ်းပျက်စီးနေပါက သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အသစ်လဲလှယ်တပ်ဆင် အသုံးပြုရန်လိုအပ်ပါကြောင်းနှင့် မီးလောင်မှုဖြစ်ပွားပါက မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များအား ပြည်သူ့လူထုများ သိရှိနိုင်ရေးအတွက် အသိပေးလိုက်လံနှိုးဆော်ခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး(ခရိုင်ပြန်/ဆက်)