ရန်ကုန် အောက်တိုဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သီတင်းကျွတ်အကြို အသေးစားစက်မှုလက်မှု ထုတ်ကုန်ပစ္စည်းပြပွဲနှင့် ဈေးရောင်းပွဲတော်ကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးမြောက်ဥက္ကလာပမြို့နယ်ရှိ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဝင်းအတွင်၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာ ဒီကနေ့ကျင်းပတဲ့ သီတင်းကျွတ်အကြို အသေးစားစက်မှုလက်မှုထုတ်ကုန်ပစ္စည်းပြပွဲနှင့် ဈေးရောင်းပွဲမှာဆိုရင် ရန်ကုန်တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှာ မှတ်ပုံတင်ထားတဲ့လုပ်ငန်းများမှ လုပ်ငန်းရှင် (၇၄) ဦးရဲ့ ထုတ်ကုန်များကိုတစ်နေရာတည်းမှာ စုစည်းတွေ့ရှိရောင်းဝယ်နိုင်ဖို့အတွက် ဈေးကွက်တစ်ခုကို ဖန်တီးဖော်ဆောင်ပေးခြင်းဖြစ်ကြောင်း၊ ဒါ့အပြင် နိုင်ငံတော်အနေနဲ့ အသေးစားစက်မှုလက်မှုလုပ်ငန်းများနဲ့ ထုတ်ကုန်များကိုပြည်သူများ ပိုမိုသိရှိလာစေရန်၊ အသေးစားစက်မှုလက်မှုထုတ်ကုန်များကို အရည်အသွေးပိုမိုကောင်းမွန်အောင် ထုတ်လုပ်လာနိုင်စေခြင်းဖြင့် သွင်းကုန်အစားထိုးပစ္စည်းများကို ပြည်သူများသုံးစွဲလာနိုင်စေရန်၊ အသေးစားလက်မှုထည်များ ထုတ်လုပ်လာနိုင်စေခြင်းဖြင့် အလုပ်ကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်နှင့် ဝင်ငွေများတိုးပွားလာစေရန်၊ တစ်နိုင်တစ်ပိုင်လုပ်ငန်းငယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်ပြီးသီတင်းကျွတ်အကြို အသေးစားစက်မှုလက်မှုထုတ်ကုန်ပစ္စည်း ပြပွဲနှင့် ဈေးရောင်းပွဲ (ရန်ကုန်) ကို ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၊ ရန်ကုန်တိုင်းဒေသကြီး သံယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းတို့က ပြပွဲကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး၊ တိုင်ဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများက ပြပွဲတွင်ပြသထားသည့် အသေးစားစက်မှုလက်မှု ထုတ်ကုန်ပစ္စည်းများကို လိုက်လံကြည့်ရှုခဲ့ကြသည်။
သီတင်းကျွတ်အကြို အသေးစားစက်မှုလက်မှုထုတ်ကုန်ပစ္စည်းပြပွဲနှင့် ဈေးရောင်းပွဲတော်ကို အောက်တိုဘာ ၁၄ မှ ၁၆ ရက်နေ့အထိစိုက်ပျိုးရေး၊ မွေးမြူရေးအခြေခံ ကုန်ကြမ်းများဖြစ်တဲ့ ဆန်၊ ပဲ၊ ပြောင်း၊ သစ်သီးများ၊ ဟင်းသီးဟင်းရွက်များကို တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်ပြီး စားသောက်ကုန်၊ လူသုံးကုန်များ၊ လက်မှုအနုပညာပစ္စည်းများပြုလုပ်ရာမှာ အခြေခံကုန်ကြမ်းများဖြစ်တဲ့ သစ်၊ ဝါး၊ ကြိမ်၊ အုန်းတို့ကို အခြေခံပြီး သစ်အခြေခံပစ္စည်းများ ဝါးလက်မှုထည်များ၊ အုန်းအခြေခံလက်မှုထည်များ၊ ကနုကမာလက်မှုထည်များ၊ ကြိမ်ဖြင့်ပြုလုပ်ထားတဲ့ လက်မှုထည်များ အစရှိတဲ့လက်မှုအခြေခံကုန်ချောပစ္စည်းများကို ကုန်သွယ်မှုမြှင့်တင်သော လုပ်ငန်းကဏ္ဍအနေနဲ့ ယခုပြပွဲမှာ ခင်းကျင်းပြသရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)