ဗဟန်းမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တာဝန် ထမ်းဆောင်မည့် မဲရုံမှူး၊ဒုတိယမဲရုံမှူးများအား သင်တန်းဖွင့်လှစ်

ရန်ကုန် အောက်တိုဘာ ၂၁


ဗဟန်းမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံးများ၌တာဝန်ထမ်းဆောင်မည့် မဲရုံးမှူးများ၊ ဒုတိယ မဲရုံမှူးများအား သင်တန်းပို့ချခြင်းကို ယနေ့နံနက်၉နာရီက ဗဟန်းမြို့နယ်၊ ကမ္ဘာအေး ဘုရားလမ်းရှိ ဖူဆန်ဘုံကျောင်း၌ ကျင်းပခဲ့သည်။
ဆက်လက်၍ ဗဟန်းမြို့နယ်ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအေးမောင်သန်းက သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို လည်းကောင်း၊ မြို့နယ် ပညာရေးမှူး ဦးဌေးဝင်းက ပညာရေးဝန်ထမ်းများ ပူပေါင်းပါဝင် ဆောင်ရွက်ရသည့် အတွက်အထူးဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ကြရန်တို့ကို ရှင်းလင်းပြောကြား ခဲ့သည်။
ဗဟန်းမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၊ မြို့နယ်ပညာရေးမှူးနှင့် မြို့နယ် ကျန်းမာရေးဌာနတို့ပူပေါင်းပြီး နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မြန်ဆန်၊ချောမွေ့စွာ မဲပေးနိုင် ရေးနှင့် ကိုဗစ်-၁၉ရောဂါကူးစက်မှုမရှိစေရေး၊ မဲရုံများအတွင်းအပြင်များတွင် တာဝန် ထမ်းဆောင်မည့် ပညာရေးဝန်ထမ်းများအား သင်တန်းပေးခြင်းဖြစ်ကြောင်း၊ မဲရုံများတွင် လက်သန့်ဆေးဘူးများ၊ Face Shield များထားရှိသွားမည်ကြောင်းသိရှိရသည်။
ဗဟန်းမြို့နယ်တွင် ရပ်ကွက်ပေါင်း(၂၂)ရပ်ကွက်ရှိ၍ မဲရုံပေါင်း(၆၅)ရုံရှိပြီး ဒုတိယအကြိမ် မဲစာရင်းကြေညာချိန်၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ (၆၈၀၀၀)ကျော်ရှိပြီး ပါတီပေါင်း (၆)ပါတီ ဝင်ရောက်ယှဉ်ပြိုင်အရွေးချယ်ခံမည်ဖြစ်ကြောင်းသိရှိရသည်။
အောင်မြင့်(ပြန်/ဆက်)