ဗဟန်း၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ "ရသစာပေဖန်တီးရေးဖွဲ့ခြင်း" သင်တန်း (အခမဲ့)ဖွင့်လှစ်

ဗဟန်း အောက်တိုဘာ ၁၅

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ ရသစာပေဖန်တီးရေးဖွဲ့ခြင်းသင်တန်း(အခမဲ့) ကို ယမန်နေ့နံနက် ၁၀ နာရီတွင် ဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူး ဒေါ်စန္ဒာမိုးက အဖွင့်အမှာစကားပြောကြားရာတွင် ရသစာပေသည် ရိုင်းဆိုင်းလှသော လူတစ်ယောက်ကို ချက်ချင်းနူးညံ့စေပါကြောင်း၊ ဇာတ်ဆောင်တွေ၏ ကောင်းမွန်သော အကျင့်စရိုက်၊ မကောင်းသောအကျင့်စရိုက်များကို ယှဉ်တွဲပြကာ လူတွေကိုဆုံးမသည့် စာပေအမျိုးအစား ဖြစ်ပါကြောင်းနှင့် ရသစာပေ၏ သဘောသည်တတ်ကျမ်းတွေလို တိုတိုတုတ်တုတ်မဟုတ်ပဲ ဇာတ်လမ်း၊ ဇာတ်အိမ်များဖွဲ့ကာ လိုရာရည်ရွယ်ချက်ကို ဖော်ပြပေးသော စာပေမျိုးဖြစ်ကြောင်းပြောကြားသည်။

ဆက်လက်၍ စာရေးဆရာခိုင်ချစ်အောင်က မုဒိတာစကားပြောကြားပြီး၊ သင်တန်းနည်းပြဆရာ အမျိုးသားစာပေဆုရှင် စာရေးဆရာမောင်ခြိမ့်က သင်တန်းပို့ချမည့် ဘာသာရပ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် စာရေးသူအမျိုးအစား၊ ဝတ္ထုအမျိုးအစား၊ ဝတ္ထုတို အတတ်ပညာ၊ ဝတ္ထုတစ်ပုဒ်ဖန်တီးခြင်း၊ ဆောင်းပါးအမျိုးအစား၊ ဆောင်းပါးရေးသားခြင်း အတတ်ပညာ (ရသဆောင်းပါး)၊ ဆောင်းပါးတစ်ပုဒ်ရေးသားခြင်း၊ ရသ ၉ မျိုး အကြောင်းအရာအပေါ် ခံစားခြင်း၊ ဝတ္ထုတိုအတတ်ပညာ၊ ဆောင်းပါးရေးသားခြင်း စသည့် စာရေးနည်း အတတ်ပညာဆိုင်ရာများကို ပြောကြားသည်။

အဆိုပါသင်တန်းသို့ စာပေဝါသနာရှင် (၂၀)ဦး တက်ရောက်သင်ကြားပြီး သင်တန်းကာလမှာ အောက်တိုဘာလ ၁၄ ရက်နေ့မှ နိုဝင်ဘာလ ၁၂ ရက်နေ့အထိ (အပတ်စဉ် စနေ့၊ တနင်္ဂနွေနေ့များတွင် နံနက် ၁၀ နာရီမှ နေ့လယ် ၁၂ နာရီအထိ) စာတွေ့၊ လက်တွေ့ သင်ကြားပို့ချ‌ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မိုးမိုး