သီပေါမြို့နယ်ဒေသခံပြည်သူများအား စားသုံးဆီများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

သီပေါ အောက်တိုဘာ ၁၅

သီပေါမြို့နယ်ရှိ ဒေသခံပြည်သူများ စားသုံးဆီများကို သက်သာဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်စေရန်အတွက် မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ဆီပိဿာ (၂၂၀၀) ကို မြို့ပေါ်ရှိကုန်စုံဆိုင်အချို့နှင့် ကျေးရွာအချို့တို့တွင် ရောင်းချပေးခဲ့ကြောင်းသိရသည်။

သီပေါမြို့ပေါ်ရှိ မစန်းဦး ကုန်စုံဆိုင်၊ စိန်စတိုး၊ အောင်ရတနာဆီစက်၊ ကိုအားစိမ်းကုန်စုံဆိုင်၊ ဒေါ်ထားထားဦး(ကားဖြင့်လှည့်လည်ရောင်းချသူ)၊ ကျောင်းစုကျေးရွာရှိ မိသားစု ဆီစက်၊ နောင်အန်ကျေးရွာရှိ မိဘကျေးဇူး ဆီစက်၊ နမ့်လန်ကျေးရွာရှိ ရွှေညီကို ကုန်စုံဆိုင်နှင့် ဦးကျော်ဟန် ကုန်စုံဆိုင်တို့တွင် ပြည်သူများအတွက် စားအုန်းဆီ တစ်ပိဿာလျှင် ၅၀၀၀ ကျပ်နှုန်းဖြင့် ဆီပိဿာ(၂၂၀၀) ကို ပြင်ပပေါက်ဈေးထက်သက်သာသောဈေးနှုန်းဖြင့် စနစ်တကျ ဖြန့်ဖြူးရောင်းချပေးခဲ့သည်။

ထိုသို့ရောင်းချနေမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ပြန်/ဆက်ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် စည်ပင်သာယာရေးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် သက်ဆိုင်ရာ ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးများပါဝင်သော ပူးပေါင်းအဖွဲ့တို့က စားသုံးဆီများ သတ်မှတ်နှုန်းထားအတိုင်းရောင်းချမှု ရှိ၊မရှိ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)