ရှမ်းပြည်နယ်ဝန်ကြီးချုပ် တောင်ကြီးမြို့ပေါ် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှု အားပေး

တောင်ကြီး အောက်တိုဘာ ၁၄

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အတူ အောက်တိုဘာ(၁၄)ရက် နံနက်(၇)နာရီခွဲက ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့မှ တောင်ကြီးမြို့၊ ဇီဝိတဒါန သံဃာ့ဆေးရုံ၌ ဆေးရုံအဆောက်အဦ အတွင်း၊ အပြင် သန့်ရှင်းရေး ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ တောင်ကြီးမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ လူမှုမှုရေးအသင်းအဖွဲ့များ၊ ဒေခံပြည်သူများမှ ချုံ၊ နွယ်၊ မြက်များ သစ်ကိုင်း၊ သစ်ခက်များ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကျင်းပသော တောင်ကြီးမြို့၊ အောင်မြေဘုံစံ သာမဏေ ကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တခေမာနန္ဒ အမှူးပြုသော ဆရာတော်၊ သံဃာ အရှင် သူမြတ်တို့ကို ဆွမ်း၊ ခဲဘွယ်၊ ဘောဇဥ်နှင့် လှူဖွယ်ဝတ္ထုပစ္စည်း ဆက်ကပ်လှူဒါန်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်တို့က နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ တောင်ကြီးမြို့ အောင်မြေဘုံစံ သာမဏေကျော်ကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တခေမာနန္ဒ ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ ရွတ်ပွားသရဇ္စျယ်တော် မူအပ်သော ပရိတ်တရားတော်များ နာယူကြည်ညို၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က လှူဖွယ်ဝတ္ထုပစ္စည်းနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းပေးကြ၍ ဆရာတော်ကြီးထံမှ အနုမောဒနာ တရားနာယူ၍ ဆရာတော်ကြီးထံ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြပြီး ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းပေးကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(ပြန်/ဆက်)