မော်လမြိုင် အောက်တိုဘာ ၁၄
မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမှတ်(၉) လူကုန်ကုန်မှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ နေ့လည်ပိုင်းက အမှတ်(၆) အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အမှတ်(၉) လူကုန်ကုန်မှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ ရဲအုပ် အောင်ကျော်ထူးက လူကုန်ကူးမှုအန္တရာယ် အကြောင်းအရာများကို လူငယ်များ သိရှိပြီး လိုက်နာ ရှောင်ရှားနိုင်ကြစေရန် အသိပညာပေး ဟောပြောပြီး၊ ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်စန်းမြင့်က လူငယ်များ အသိပညာတိုးပွားရေး၊ နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်လာစေရန်၊ နိုင်ငံ့သားကောင်း ရတနာများဖြစ်သည့် လူငယ်များ ဘက်စုံဖွံ့ဖြိုး တိုးတက်လာစေရန်နှင့် ကျောင်းသား ကျောင်းသူများ အနေဖြင့် ကျောင်းစာများအပြင် ပြင်ပစာပေများကို လေ့လာကြည့်ရှု၍ အသိပညာဗဟုသုတ ရရှိလာစေရန် အသိပညာပေး ဟောပြောခဲ့ သည်။
ထိုနောက် လူငယ်ရေးရာ အသိပညာပေး နံရံကပ်စာစောင်အား ပြသခဲ့ရာ နံရံကပ်စာစောင်တွင် လူငယ်များ အသိပညာရရှိစေရန် အတွက် နိုင်ငံကျော်ပုဂ္ဂိုလ်ကြီးများ၏ လေးစားအားရဖွယ် အသိပညာပေး အဆိုအမိန့်များ၊ အသိပညာပေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ပြန်/ဆက်ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအား ပြသခဲ့ရာ ကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိ ရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)