ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့၊ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှု

စစ်တွေ အောက်တိုဘာ ၁၄

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ ယနေ့ နံနက်ပိုင်းက စစ်တွေမြို့သန့်ရှင်း သာယာလှပရေးအတွက် စစ်တွေမြို့၊ ခုတင်(၅၀၀) ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီးနှင့် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတို့တွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက် နေမှုအား လှည့်လည်ကြည့်ရှုအားပေးကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့အား အာရီယန်ခန်းမ၌ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးကျော်မိုးက စစ်တွေမြို့တော် အဆင့်မြှင့်တင်ရေးအတွက် ဆောင်ရွက်မည့်အစီအမံများနှင့် မြို့သန့်ရှင်း သာယာလှပရေးဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေး ပြောကြားပြီး လိုအပ်သည်များကို မှာကြားခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီး ချုပ်နှင့် အဖွဲ့သည် စစ်တွေ ဆေးရုံကြီး၌ စစ်တွေတပ်နယ်မှ နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ စုပေါင်း သန့်ရှင်းရေးဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုပြီး စိုက်ပျိုး၊ မွေးမြူရေးကျောင်း သန့်ရှင်းသာယာရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပြည်တော်သာရပ်ကွက်၊ ပြည်နယ်ငါးလုပ်ငန်း ရုံးရှေ့လမ်းအား အဆင့်မြှင့်တင်ရေးနှင့် သန့်ရှင်းရေးဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုပြီး ငါးလုပ်ငန်းရုံးရှေ့ရှိ ဝေလငါး၏ အရိုးအား ပြည်သူများလေ့လာနိုင်ရန် ပြသာထားမှုကို ကြည့်ရှုစစ်ဆေးကာ စနစ်တကျခင်းကျင်း ပြသနိုင်ရေး ဆောင်ရွက်ရန်မှာကြားခဲ့သည်။

စစ်တွေမြို့၊ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ စစ်တွေတပ်နယ်မှ နယ်မြေခံ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများက ဆေးရုံကြီးဝန်းအတွင်း စွန့်ပစ်အမှိုက်များ ကောက်ယူသိမ်းဆည်းခြင်း၊ မြက်ပင်များ၊  ပေါင်ပင်များ၊ ချုံနွယ်များအား ခုတ်ထွင် ရှင်းလင်းခြင်းများကို ဆောင်ရွက်ကြသည်။ ထို့ပြင် ရေမြောင်းများအတွင်းရှိ အမှိုက်သရိုက်များကို ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်းရေး ဆောင်ရွက်ခြင်းနှင့် ဆေးရုံကြီးအနီး ပတ်ဝန်းကျင်နှင့် ကျောင်းအနီးပတ်ဝန်းကျင်များ သန့်ရှင်း သာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြသည်။

ထို့သို့ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြစဉ် စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများကလည်း စွန့်ပစ်အမှိုက်များကို သိမ်းဆည်းပြီး အမှိုက်သိမ်း ကားဖြင့် သိမ်းယူကာ သတ်မှတ်နေရာတွင် စနစ်တကျ စွန့်ပစ်ခဲ့ကြောင်း သိရသည်။              

တင်ထွန်း(ပြန်/ဆက်)