ဇမ္ဗူသီရိ အောက်တိုဘာ ၁၄
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော် (ခုတင်- ၁၀၀၀) ပြည်သူ့ဆေးရုံကြီးတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား လာရောက် ကြည့်ရှုအားပေးသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ပျဥ်မနားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကိုဦး၏ ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးနေမျိုးထွန်းနှင့် အဖွဲ့ဝင်များ ဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများ စုစုပေါင်း ၁၇၀ ဦးခန့်တို့က လူနာကုသဆောင်များရှိ ဘေးပတ်ဝန်းကျင် ချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်း၊ ဆေးရုံအဝင်လမ်းတလျှောက်နှင့် ဆေးရုံအတွင်းလမ်းများ တစ်လျှောက် ဘေးဝဲ၊ ယာရှိ ချုံနွယ်ပင်များ၊ သစ်ကိုင်းများအား ခုတ်ထွင် ရှင်းလင်းခြင်း၊ အဆောက်အဦ အမိုးအပေါ်တွင် ကျရောက်နေသည့် သစ်ကိုင်းများ ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေးနှင့် မိုးတွင်းကာလတွင် ခြင်များ မပေါက်ပွားနိုင်စေရေးတို့ အတွက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါ လူထုအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို အပတ်စဥ် စနေ့နေ့တိုင်း အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများတွင် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)