မိုးညှင်း အောက်တိုဘာ ၁၄
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းများနှင့် ပတ်သက်၍ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀နာရီအချိန်က စုပေါင်းရုံးရှိ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေပြည်ဟိန်းက အဆိုပါ အခမ်းအနားနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး ခရိုင်လူမှု ဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းမြင့်ခိုင်က ကလေးအလုပ်သမား အသက်နှင့်စပ်လျဉ်းသည့် ပြဌာန်းချက်များ၊ ကလေးသူငယ်များအတွက် ဘေးအန္တရာယ်ရှိသော အလုပ်အမျိုးအစားများ၊ ကလေးအလုပ်သမား ဖြစ်စေရသော အကြောင်း အရင်းများ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေများနှင့် ကလေးသူငယ်များ အလုပ်လုပ်ကိုင်ခြင်းနှင့် အဆိုရွားဆုံးပုံစံဖြင့် အလုပ်ခိုင်းစေခြင်း စသည့် အကြောင်းအရာများကို ဆွေးနွေးပြောကြား သည်။
ဆက်လက်၍ ခရိုင်အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးထက်ဦးက ကလေးအလုပ်သမားဆိုင်ရာ ဥပဒေနှင့်ပတ်သက်သည့် အကြောင်းအရာများကို လည်းကောင်း၊ ခရိုင်အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ယုယုလိုင်က အလုပ်သမားရေးရာကိစ္စများနှင့်ပတ်သက်၍ စည်းကြပ်ဆောင်ရွက်လျက်ရှိသည့် ဥပဒေများနှင့်ဌာနမှ ဆောင်ရွက်ပေးလျက်ရှိသော လုပ်ငန်းတာဝန်များကိုလည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသည့် အဆိုပါလုပ်ငန်းကော်မတီဝင်များ၊ လုပ်ငန်းရှင်များနှင့် လူမှုကူညီ ရေးအသင်းအဖွဲ့များမှ သိရှိလိုသည်များကို အသီးသီးမေးမြန်ဆွေးနွေးကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ဖြည့်စွက် ဆွေးနွေးပြောကြားခဲ့ကြပြီး ကလေးအလုပ်သမားပပျောက်ရေးနှင့် ပတ်သက်သည့် အသိပညာပေး လက်ကမ်းစာစောင်များကို လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရွှေမိုးညှင်း