လားရှိုး အောက်တိုဘာ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများ ကြောင့် နမ့်ယော်ချောင်း ရေကြီးရေလျှံမှု ဖြစ်ပွားကာ လယ်မြေအချို့ ရေနစ်မြုပ်ခံခဲ့ရကြောင်း သိရသည်။
လားရှိုးမြို့အနီးရှိ နမ့်ယော်ချောင်းအနီး စိုက်ပျိုးထားသော လယ်မြေအချို့ စိုက်ခင်းများတွင် ရေလျှံမှုများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပြီး စပါးခင်းများမှာ ရေနစ်မြုပ်ခံနေရကြောင်း သိရသည်။ “မိုင်းယော်ဘက်မှာ မိုးပိုရင် နမ့်ယောင်ချောင်းက ရေလျှံတာပဲ။ အဲ့ဒီဘက်က စီးဆင်းလာတဲ့ တောင်ကျချောင်းရေက လားရှိုးမြို့နား ရောက်ရင် ရေလျှံမှုတွေ ဖြစ်ပေါ်တယ်။ ဒါကြောင့် ဒီချောင်း အနီးအနားက လယ်ကွင်းတွေ ရေနစ်မြုပ်မှုတွေ ဖြစ်ပေါ်တာပေါ့။ အရင်နှစ်တွေတုန်းကလည်း ဒီလိုဖြစ်ဖူးပါတယ်။ ရေပြန်ကျသွားရင်တော့ အဆင်ပြေသွားမှာပါ”ဟု စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရေနစ်မြုပ်ခံခဲ့ရသည့် စိုက်ခင်းများမှာ လားရှိုးမြို့နယ် ဆုံကွယ်ကျေးရွာနှင့် တာပုံကျေးရွာအတွင်း စိုက်ပျိုးထားသည့် မိုးစပါးစိုက်ခင်းများ ဖြစ်ပြီး နစ်မြုပ်ခံရသည့် လယ်မြေဧကမှာ ၂၅၈ ဧကကျော်ခန့် ရှိနေကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)