ပုံပါကျင်မြို့တွင် နှာခေါင်းစည်း mask တပ်၍ နေအိမ်ပြင်ပထွက်ရေး အရှိန်အဟုန်မပြတ် စစ်ဆေးဆောင်ရွက်

ပုံပါကျင် အောက်တိုဘာ ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် နှာခေါင်စည်း mask တပ်ဆင်မှုမရှိဘဲ သွားလာသူများအား နှာခေါင်းစည်းတပ်၍ သွားလာစေရေးအတွက် နှာခေါင်းစည်းငါးခုကို နစ်ထောင်ကျပ်ဖြင့် ချက်ခြင်းဝယ်၍ တပ်ဆင်သွားလာစေခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ပုံပါကျင်မြို့မှာနေတဲ့ ဒေသခံပြည်သူတွေကို နေအိမ်ပြင်ပထွက်ရင် နှာခေါင်းစည်းတပ်ပြီး သွားလာ စေဖို့ အသံချဲ့စက်တွေနဲ့ အရင်ဦးဆုံးအသိပေးပါတယ်၊ နောက်ပြီးတော့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးကော်မတီအဖွဲ့ကနေ နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် မြို့မဈေးအနီးနဲ့ လမ်းဆုံတွေမှာ နေအိမ်ပြင်ပ ထွက်ရင် နှာခေါင်းစည်းတပ်ဖို့အတွက် mask ဝေပြီး ပညာပေးအစီအစဉ်လုပ်ခဲ့ပါတယ်၊ အခုနောက်ပိုင်းတော့ နှာခေါင်းစည်း mask မတပ်လာတဲ့ သူတွေကို ဒဏ်တပ်တဲ့အနေနဲ့ mask ငါးခုကို ၂၀၀၀ နဲ့ဝယ်ပြီး တပ်ခိုင်း ခဲ့ပါတယ်ဟု ပုံပါကျင်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပုံပါကျင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ နံနက်ပိုင်းတွင် ပုံပါကျင်မြို့မဈေး အနီးတွင်လည်းကောင်း၊ ညနေပိုင်းတွင် မြတ်သုခလမ်းနှင့် ပြည်တော်သာလမ်းထောင့်တွင် လည်းကောင်း နှာခေါင်းစည်း mask တပ်၍ နေအိမ်ပြင်ပထွက်ရေး စစ်ဆေးခြင်းကို နေ့စဉ်အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စန္ဒီ(ပြန်/ဆက်)