လယ်ဝေး အောက်တိုဘာ ၁၄
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် ရုံးပင်ချောင်းနှင့် ပေါင်းလောင်းချောင်း ရေကြီးရေလျှံ၍ သီးနှံများ ရေလွှမ်းမိုးမှု ဖြစ်ပေါ်သည့် ကျေးရွာအုပ်စုများမှ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ရေကာကျေးရွာ စိုက်ပျိုးရေး KC ရုံး၌ ကျင်းပသည်။
အဆိုပါ တွေ့ဆုံပွဲသို့ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမြင့်ဆောင်၊ အဖွဲ့ဝင် ဗိုလ်မှူးရာဇာ၊ ဦးဝင်းအောင်တို့နှင့် မြို့နယ်အဆင့် သက်ဆိုင်ရာဌာနများ၊ တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ တက်ရောက်သည်။ ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက သီးနှံများ ရေလွှမ်းမိုးမှု ဖြစ်ပေါ်သည့် ရေကာကျေးရွာအုပ်စုရှိ မြေပဲနှင့် နှမ်းစိုက်တောင်သူများအနေဖြင့် ရေလွှမ်းမိုးမှု ၂၄ နာရီကျော်သဖြင့် သီးနှံများ ဖြစ်ထွန်းနိုင်မှု မရှိပါကြောင်း၊ စပါးစိုက်တောင်သူများ အနေဖြင့် သီးနှံပျက်စီးမှု မရှိပါကြောင်းနှင့် နစ်နာတောင်သူများအနေဖြင့် တင်ပြပေးကြပါရန် ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ သဖန်းပင်ကျေးရွာနေ တောင်သူများမှ မြေပဲနှင့် ပြောင်းမျိုးစေ့များ အဓိက ထောက်ပံ့ပေးနိုင်ပါရန်နှင့် ထိခိုက်ပျက်စီးသည့် သီးနှံများ၏ သင့်လျော်သည့် ထောက်ပံ့မှု ပေးနိုင်ပါရန် တင်ပြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်ဦးဝင်းအောင်က ရေလွှမ်းမှုကြောင့် ပျက်စီးခဲ့သည့် သီးနှံများနေရာတွင် အစားထိုး စိုက်ပျိုးရန်အတွက် သင့်တော်သည့် သီးနှံများ စိုက်ပျိုးနိုင်ရေးအတွက် အကြံပြု ဆွေးနွေးသည်။ သီးနှံပျက်စီးထိခိုက်မှု စာရင်းအား စနစ်တကျ ကွင်းဆင်းကောက်ယူခြင်းအား သက်ဆိုင်ရာဌာန တာဝန်ရှိသူများမှ အမြန်ဆုံး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)