လယ်ဝေး အောက်တိုဘာ ၁၄
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း အောက်တိုဘာ ၁၀ ရက်က မိုးရွာသွန်းမှုကြောင့် ဇလီငှက်ကြီးတောင်ကျေးရွာအုပ်စု၊ အောင်စီလာကျေးရွာ၊ (တောင်စဉ်အေး-ဆိတ်ဖူးတောင်-ပြဒါးချောင်း) ကားလမ်းပေါ်ရှိ နန့်ပုံချောင်းကူးတံတား အမှတ်(၇/၁၀)သည် ချောင်းရေတိုက်စားကာ ကမ်းကပ်ခုံ ၁၀ ပေခန့်နှင့် Wind Wall ၁၅ ပေခန့် ပျက်စီးခြင်းများ ဖြစ်ပွားခဲ့သည်။
အဆိုပါနေရာသို့ ယမန်နေ့ညနေပိုင်းက နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီအတွင်းရေးမှူး ဦးတင်မောင်ဆွေ၊ နေပြည်တော် လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်နွယ်နီထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ သွားရောက်ကွင်းဆင်း ကြည်ရှုစစ်ဆေးသည်။
ရှေးဦးစွာ လယ်ဝေးခရိုင်၊ လမ်းဦးစီးဌာနမှ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နော်ဇီဇဝါဘက ပြင်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းပြီးညွှန်ကြားရေးမှူး ဒေါ်နွယ်နီထွန်းက ဖြည့်စွက်ရှင်းလင်းတင်ပြသည်။ ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက ပြန်လည်ပြုပြင်ပြီးစီးပါက ရေရှည်တွင်လည်း ခိုင်မာစွာအသုံးပြုနိုင်ရေးအတွက် ဆောင်ရွက်ရန်မှာကြားသည်။
အဆိုပါနန့်ပုံချောင်းကူးတံတားသည် အရှည် ၂၄ ပေ၊ အကျယ်၂၁ပေ ရှိပြီး ကမ်းကပ်ခုံ ၁၀ ပေခန့်နှင့် Wind Wall ၁၅ ပေခန့်ပျက်စီးခဲ့ခြင်းအား အမြန်ဆုံးပြီးစီးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင်နှင့်အဖွဲ့သည် လယ်ဝေးမြို့နယ် သဖန်းပင်ကျေးရွာအနီးတွင် စစ်တောင်းမြစ်ရေလျံမှုကြောင့် နစ်မြုပ်နေသည့် လယ်ယာမြေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ Box Culvert တစ်ခုတည်ဆောက်ရန်အတွက် သင့်တော်သည့်နေရာအား ဒေသခံတောင်သူများနှင့် လမ်းဦးစီးဌာနတို့၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝေကြည် (ပြန်/ဆက်)